စစ်ရှောင်စခန်း ခိုလှုံရာတဲတွေ ယိုယွင်း ပျက်စီးလာတဲ့အတွက် ပြန်လည် ပြုပြင်ဖို့ အကူအညီတွေ လိုအပ်နေ

စစ်ရှောင်စခန်း ခိုလှုံရာတဲတွေ ယိုယွင်း ပျက်စီးလာတဲ့အတွက် ပြန်လည် ပြုပြင်ဖို့ အကူအညီတွေ လိုအပ်နေ
Photo credit - CJ
Photo credit - CJ

ကချင်ပြည်နယ် ဝိုင်းမော်မြို့က စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်တဲတွေ ယိုယွင်း ပျက်စီးလာတဲ့အတွက် ပြန်လည်ပြုပြင်နိုင်ဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

လက်ရှိ ဝိုင်းမော် နောင်ချိန်းအုပ်စု လဘန်နဲ့ အင်ဂန်း ကျေးရွာ မြစ်နားကမ်းတစ်လျှောက်မှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ သွပ်၊ မိုးကာ၊ ဝါးတွေနဲ့သာ ဆောက်လုပ်ထားကြတာ ဖြစ်တဲ့အတွက် အချိန်ကာလ ကြာလာတာနဲ့အမျှ ရာသီဥတုဒဏ် အမျိုးမျိုးကြောင့် ထိခိုက်ပျက်စီးလာတာ ဖြစ်ပါတယ်။

“တိုင်တွေ ယိုယွင်ပျက်စီးလာတဲ့အတွက် နောက်ဆိုရင်အကုန်ပြိုကျသွားမှာကိုလည်းစိုးရိမ်ရတယ်။ အပေါ်ဘက်ကိုတော့ သွပ်နဲ့မိုးထားတော့ ဝိတ်လည်းရှိနေတော့။ တိုင်တွေလဲရမယ် ကြမ်းပြင်တွေလည်း လဲရမယ်”လို့ နောင်ဟီးစစ်ရှောင်စခန်းက အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

လက်ရှိ ဝါးတစ်ချောင်းမှာ ကျပ် ၇ ထောင်ဝန်းကျင်ရှိပြီး  မိသားစုတစ်စုနေလို့ရနိုင်မယ် စစ်ရှောင်တဲ တစ်ခုကို ဆောက်လုပ်ဖို့ဆိုရင် ဝါးအချောင်း ၂၅ခုအပြင် မိုးကာနဲ့ သွပ်အသစ်တွေကိုလည်း ပြန်လည် အစားထိုးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ဒါအပြင် လူနေဆောင်တစ်ခုကို ဝါးနဲ့ ပြုပြင်မယ်ဆိုရင် ကျပ်သိန်း ၃၀ ကနေ ၄၀ ထိကုန်ကျနိုင်ပြီး သစ်တွေနဲ့ ကောင်းမွန်စွာ ပြင်ပြင်မယ်ဆိုပါက ကျပ် သိန်း ၁၀၀ ဝန်းကျင် ကုန်ကျနိုင်တယ်လို့ ဆိုပါတယ်။

ကုန်ကျငွေအကြမ်းဖျင်း အဆောင်တစ်ခုမှာ အိမ်ခြေ ၆ ခုကနေ ၁၀ခုထိ နေထိုင်လို့ ရတဲ့ အခန်းလေးတွေ အကန့်လိုက် ဆောင်လုပ်ထားတာ ဖြစ်ပြီး တဲ ၁၃ ခုရှိတဲ့ထဲမှာ ၁၀ ခုလောက်က ပြန်လည် ပြုပြင်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

နောင်ချိန်း လဘန်ကျေးရွာ တစ်လျှောက်မှာ တိမ်းရှောင်နေထိုင်နေကြတဲ့  စစ်ရှောင်စခန်းပေါင်း ၂၀ ကျော်နဲ့ အိမ်ထောင်စု ၁၀၀၀ ကျော်ရှိတယ်လို့ သိရပြီး အိမ်ထောင်စု ၁၇၂ ခုမှာ လူဦးရေ ၈၈၅ ဦး ထိ ရှိတယ်လို့ စစ်ရှောင်တာဝန်ခံတွေက ဆိုပါတယ်။

ဒါပေမယ့်လည်း စစ်ရှောင်စခန်း တစ်ခုနဲ့ တစ်ခုမတူသလို အိမ်ထောင်စု အရေအတွက် တူခဲ့ရင်တောင် မိသားစု အရေအတွက် မတူညီနိုင်တဲ့အပြင် ဆက်သွယ်ရေး အခက်အခဲအမျိုးမျိုးကြောင့် စစ်ရှောင်လူဦးရေ အတိအကျကိုတော့ သိရှိဖို့ ခက်နေသေးတယ်လို့ သိရှိရပါတယ်။

ဒီလိုပြုပြင်ဖို့အတွက် စစ်ရှောင်စခန်းက ပြည်သူတွေအနေနဲ့ ငွေကြေးအခက်အခဲတွေအပြင် ငွေကြေးရရှိနိုင်တဲ့ အလုပ်အကိုင်တွေလည်း ရှားပါးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ရေးအခြေအနေတွေကြောင့် မိမိကျေးရွာအတွင်း လုပ်ကိုင်နေတဲ့ လယ်ယာလုပ်ငန်းတွေကိုလည်း ရပ်နားထားရတဲ့အပြင် လက်ရှိတိမ်းရှောင်နေတဲ့ နေရာမှာလည်း အလုပ်အကိုင်တွေ ခက်ခဲတဲ့အတွက် စစ်ရှောင်ပြည်သူတွေဟာ ကိုယ့်အားကိုယ်ကိုးပြီး ရှင်သန်စားသောက်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။

လက်ရှိ နောင်ချိန်း လဘန်ကျေးရွာတွေမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ ၂၀၂၄ မတ်လလောက်ကနေ KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြောင့် တိမ်းရှောင်ခဲ့ရတာဟာ တစ်နှစ်ကျော်ကြာ ကြာမြင့်လာပြီ  ဖြစ်ပါတယ်။

ဒါအပြင် တိမ်းရှောင်နေထိုင်နေကြတဲ့ သူတွေထဲမှာ အောင်မြေ(၁)၊ အောင်မြေ(၂)၊ တာလောကြီး၊ နောင်ဟီး၊ စန်းကား၊ ဝူယန်၊ ခကွမ်၊ ဝါရှောင် စတဲ့ ကျေးရွာက ပြည်သူတွေ ပါဝင်ပြီး ခန့်မှန်းချေ စစ်ရှောင် စခန်းပေါင်း ၂၀ကျော် ရှိတယ်လို့ စစ်ရှောင်တာဝန်ခံတွေက ဆိုပါတယ်။

တစ်ဖက်မှာလည်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP လို အကူအညီတွေလည်း နိုင်ငံတကာ နိုင်ငံ‌ရေး ပြဿနာတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ မတ်လလောက်ကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရတာဘဲ ဖြစ်ပါတယ်။

March 24, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်ဒေသ၊ ဥရုချောင်း (Uru Hka) တစ်လျှာက်မှာ ယခင်က ရွှေတူးဖော်မှု...
၂၀၂၆ ခုနှစ် မတ်လမှာပြိုထားတဲ့ ပူတာအို ခေါင်လန်ဖူး လမ်းပိုင်းကိုတွေ့ရစဥ်
March 23, 2026
ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်း မနှစ်ကမြေပြိုတဲ့နေရာတွေမှာ မြေထပ်ပြိုသွားတာကြောင့်...
ကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်ဗုံးကြဲတိုက်ခိုက်ခံရတဲ့မြင်ကွင်း Photo - Crd
March 21, 2026
စစ်ကိုင်းတိုင်း – ကချင်အစပ် စစ်ကိုင်းတိုင်းကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့...
March 20, 2026
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ လုံးတုံကျေးရွာမှာရှိတဲ့ စစ်တပ်ရဲ့ရှေ့တန်းကာကင်းစခန်းတွေ...