မင်းအောင်လှိုင်တို့ (စကမ)စစ်အုပ်စုက ကျင်းပမယ့် (လာမယ့် ဒီဇင်ဘာ ၂၈ ရက်) ရွေးကောက်ပွဲက ရက် ၁၀၀ ဝန်းကျင်ပဲ လိုပါတော့တယ်။
“ရွေးကောက်ပွဲ”ဆိုတော့ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ ရွေးကောက်ပွဲကျင်းပမယ့်ကာလ တိုင်းပြည်တွင်း အခြေအနေ၊ အခြေခံဥပဒေ၊ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ စည်းရုံးမဲဆွယ်ခြင်း၊ ရွေးကောက်ပွဲစနစ်၊ ရွေးကောက်ပွဲရလဒ် ထုတ်ပြန် ကြေညာခြင်း၊ အနိုင်ရတဲ့ပါတီက လွှတ်တော်ခေါ် အစိုးရဖွဲ့ခြင်း စတဲ့ အကြောင်းအရာတွေကို စဉ်းစားမိကြမှာပါ။ အတိတ်က ကျင်းပခဲ့ဖူးတဲ့ ရွေးကောက်ပွဲတွေနဲ့ လက်ရှိကျင်းပတော့မယ် ရွေးကောက်ပွဲကို နှိုင်းယှဉ်ပြီး စဉ်းစားသုံး သပ်တာတွေလည်း ထည့်သွင်းစဉ်းစားမိကြမှာ မလွဲပါဘူး။
“အထွေထွေရွေးကောက်ပွဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲ”ဆိုတာတွေဟာ ပါတီစုံစနစ်ကို လက်ခံအသုံးပြုနေတဲ့ တိုင်းပြည်တိုင်းမှာ သက်ဆိုင်ရာ ဥပဒေသတ်မှတ်ချက်အတိုင်း (၅နှစ် တစ်ကြိမ် သို့မဟုတ် ၄နှစ် တစ်ကြိမ်) ပုံမှန်အား ဖြင့် ကျင်းပကြရပါတယ်။ လစ်လပ်သွားတဲ့ မဲဆန္ဒနယ်မြေတွေအတွက်လည်း “ကြားဖြတ်ရွေးကောက်ပွဲ” ဆိုတာကို သတ်မှတ်ထားချက်အတိုင်း ကျင်းပလေ့ရှိကြပါတယ်။
“အထွေထွေရွေးကောက်ပွဲ” ဆိုတာဟာ ပါတီစုံစနစ်ကို လိုလားတဲ့ လက်ခံတဲ့တိုင်းပြည်တိုင်းက မလွဲမသွေ ဖြတ်သန်းကြရပါတယ်။
“အထွေထွေရွေးကောက်ပွဲ” ဟာ နှိုင်းယှဉ်ချက်အားဖြင့် လွတ်လပ်ပြီး တရားမျှတဖို့ လိုအပ်ပါ တယ်။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေအကြား၊ ကိုယ်စားလှယ်တွေအကြား နိုင်ငံရေးအရ၊ ဥပဒေအရ စည်းရုံးဟောပြောခွင့်အရ လုံးဝ တန်းတူမှုရှိဖို့ လိုအပ်ပါတယ်။ ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်ကိုမှ နိုင်ငံရေးအရ ဥပဒေအရ စည်းရုံးဟောပြောခွင့်အရ ပုံစံတစ်မျိုးမျိုးနဲ့ အထူးအခွင့်ရေးပေးထားတာမျိုး လုံးဝ (လုံးဝ)မရှိသင့်ပါဘူး။ တန်းတူယှဉ်ပြိုင်မှုပဲ ဖြစ်ရပါမယ်။
အရေးအကြီးဆုံးအချက်ကတော့ တိုင်းပြည်ဟာ အထူးသဖြင့် ပြည်သူလူထုဟာ သူတို့ လေးစား အားကိုး နှစ်သက်တဲ့ နိုင်ငံရေးပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို အချုပ်အချယ်မရှိ လွတ်လပ်စွာ ဆန္ဒမဲပေး ရွေးချယ်နိုင်တဲ့ အခြေအ နေမျိုး ရှိရပါမယ်။ တိုင်းပြည်နဲ့အဝန်းဟာ ငြိမ်းချမ်းပြီး လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မျိုးရှိဖို့ မလွဲမသွေ လိုအပ်လှပါတယ်။
ကျနော်တို့တိုင်းပြည်ရဲ့ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးနောက် သမိုင်းလက်တွေ့ကို ပြန် ကြည့်တဲ့အခါ ကျင်းပခဲ့သမျှ ရွေးကောက်ပွဲတွေဟာ ပြည်တွင်းစစ်ကို မရပ်စဲနိုင်တဲ့ အခြေအနေအောက်မှာ “ပါတီစုံ” ရွေးကောက်ပွဲတွေ ကျင်းပခဲ့ရတာကို တွေ့ရပါလိမ့်မယ်။
၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ် မတ်လ ကာလအတွင်းနဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်းကနေ ၂၀၂၀ပြည့်အထိ ကာလ အတိုင်း ကျင်းပခဲ့ဖူးတဲ့ ပါတီစုံ ရွေးကောက်ပွဲတွေကို ကြည့်ပါ။ ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေး တော်ပုံကြီး မတိုင်မီကာလအထိကတော့ ဗိုလ်နေဝင်း စစ်အုပ်စုရဲ့ တစ်ပါတီအာဏာရှင်စနစ်အောက်က ဘုရားစူးရွေး ကောက်ပွဲတွေမို့ ထည့်ပြောစရာ ဘာအကြောင်းမျှ မရှိပါဘူး။
အချိန်ကာလ ၂ ခု ကို ဦးတည်ပြီးပြောချင်ပါတယ်။
ပထမအချိန်ကာလက ပါလီမန်ဒီမိုကရေစီခေတ်စနစ်ကာလဖြစ်တဲ့ ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက် ဗိုလ်နေဝင်းစစ်အုပ်စုက အာဏာမသိမ်းမီအထိ ဖြစ်ပါတယ်။
ဒုတိယအချိန်ကာလက ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နောက်ပိုင်း (နဝတ-နအဖ) စစ်အုပ်စုက အာဏာ သိမ်းပိုက်ထားတဲ့ကာလကနေ ယနေ့မျက်မှောက် မင်းအောင်လှိုင်တို့ (စကမ)စစ်အုပ်စု အုပ်စိုးနေတဲ့အချိန်ထိ အပိုင်း အခြား ဖြစ်ပါတယ်။
အဲဒီအချိန်ကာလ ၂ ခုထဲမှာ အောက်ပါထူးခြားချက် ၂ခုကို အထင်အရှား တွေ့ရပါလိမ့်မယ်။
တစ်အချက်က စစ်အုပ်စုက တစ်ဖက်သတ်ပင်းတဲ့ပါတီတွေ ခွက်ခွက်လန်အောင် ရှုံးနိမ့်ကြပြီး ပြည်သူက လေးစား အားကိုး လိုလားထောက်ခံလိုလားတဲ့ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေ တခဲနက်အနိုင်ရရှိကြတယ် ဆိုတဲ့အချက် ဖြစ် ပါတယ်။
နှစ်အချက်က ပြည်သူက လေးစား အားကိုး လိုလားထောက်ခံလိုလားတဲ့ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေ လုံးဝ မပါ ဝင်ဘဲ စစ်အုပ်စုရဲ့ အဓိကခါးပိုက်ဆောင်ပါတီနဲ့ အခြားစပွန်ဆာပါတီတွေ၊ အိမ်ဖြည့်ပါတီတချို့ ပါဝင်ကြတဲ့ “ရွေး ကောက်ပွဲ” ဆိုတာတွေမှာတော့ စစ်အုပ်စုရဲ့အဓိက ခါးပိုက်ဆောင်ပါတီက တစ်ကောင်ထဲအပြေးပြိုင်တဲ့မြင်း ပထမ ပန်းဝင်သလိုမျိုး အနိုင်ရပါတယ်။
စကားစပ်လို့ပြောရရင် စစ်ဗိုလ်ချုပ်တွေဟာ ရွေးကောက်ပွဲကိစ္စလို ပြည်သူတစ်ရပ်လုံးနဲ့ဆိုင်တဲ့ ကိစ္စမျိုးကို မဆိုထားနဲ့ သူတို့နဲ့အတူ ဂေါက်ရိုက်တဲ့အခါမှာတောင် သူတို့ပဲ အနိုင်ရချင်တာပါ။ သူ့လက်အောက်က အရာရှိတွေက၊ သူတို့နဲ့ပေါင်းစားနေတဲ့ စီးပွားရေးသမားတွေက သူ့ထက် ရိုက်ချက်သာပြီး အနိုင်ရမှာကို မလိုလားပါဘူး။ ဒါကြောင့် စစ်ဗိုလ်နဲ့အတူ ဂေါက်ရိုက်တဲ့အခါ သူတို့မနိုင်အောင် တကယ့်လက်ရည်ရှိတဲ့သူတွေက လျှော့ရိုက်ကြရပါတယ်။ မတော်တဆနိုင်သွားရင် စစ်ဗိုလ်တွေက အမြက်တော်ရှနိုင်ပါတယ်။ သူတို့နဲ့အတူ မရိုက်လို့လည်း မဖြစ်ပါဘူး။ ရိုက်ပြန်တော့လည်း သူတို့ရှုံးရင် မကြိုက်ပါဘူး။ ဒါဟာ စစ်ဗိုလ်တွေရဲ့ တစ်ဖက်သတ်အနိုင်ကျင့် ဗိုလ်ကျချင်တဲ့ အရိုး စွဲနေတဲ့ စစ်အုပ်စု စရိုက်သဘာဝဖြစ်ပါတယ်။
ဒီထူးခြားချက် ၂ခုကို ဝန်ကြီးချုပ်ဟောင်းဦးနုရဲ့ (ပထစ)ပါတီအနိုင်ရတဲ့ ၁၉၆၀ရွေးကောက်ပွဲကို ကြည့်မလား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါဝင်ယှဉ်ပြိုင်တဲ့ (၁၉၉၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်) အထွေထွေရွေး ကောက်ပွဲတွေမှာကြည့်ရင် အထင်အရှားတွေ့နိုင်ပါတယ်။
သူတို့မနိုင်တဲ့ သူတို့ပင်းတဲ့ဘက်က ခွက်ခွက်လန်အောင် ရှုံးတဲ့အခါမျိုးမှာတော့ ရွေးကောက်ပွဲရလဒ်ကို အကြောင်းပြချက်တစ်မျိုးမျိုး လုပ်ကြံဖန်တီးပြီး အာဏာသိမ်းတာ (သို့တည်းမဟုတ်) ရွေးကောက်ပွဲရလဒ်ကို ဖျက် သိမ်းပစ်တာမျိုး စစ်အုပ်စုက လုပ်တတ်ပါတယ်။
၁၉၆၀ ပြည့်နှစ်မှာ ဦးနုရဲ့ (ပထစ)ပါတီက အနိုင်ရပြီးတဲ့အခါ “ဖက်ဒရယ်မူ”ကိစ္စကို “ခွဲထွက်ရေး”လို့ သရုပ် ဖျက်ပြီး ဗိုလ်နေဝင်းစစ်အုပ်စုက အာဏာသိမ်းပိုက်ပါတယ်။
၁၉၉၀ ပြည့်မှာတော့ သူတို့တင်ထားတဲ့ သူတို့ (နဝတ) ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ရူးနေပါပြီ၊ စိတ္တဇဖြစ်နေပါပြီလို့ ထောက်လှမ်းရေးက တစ်ဖက်သတ် တီးတိုးဝါဒဖြန့်တယ်။ အခြားတစ်ဖက်ကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တစ်ခဲနက်အနိုင်ရရှိမှုကို အချိန်ဆွဲပြီး ဖျက်သိမ်းပစ်ပါတယ်။ (နဝတ) ဥက္ကဋ္ဌ ဗိုလ်စောမောင်က ရွေးကောက်ပွဲပြီးရင် အနိုင်ရတဲ့ပါတီကို အာဏာလွှဲအပ်ပြီး စစ်တပ်က စစ်တန်လျားပြန်မယ်လို့ တိုင်းသိပြည်သိ ကမ္ဘာ သိ ထုတ်ဖော်ပြောကြားခဲ့တာပါ။ ဗိုလ်စောမောင်ဟာ အဲဒီစကားကြောင့် ဖြုတ်ပယ်ခံရတာပါ။
၂၀၂၀ ပြည့်နှစ်မှာတော့ “မဲမသမာမှု” ဆိုတဲ့ လုပ်ကြံစွပ်စွဲချက်နဲ့ အာဏာသိမ်းပိုက်ခဲ့တာကို အားလုံး မျက်မြင် ကိုယ်တွေ့ သိကြရတဲ့အတိုင်းပဲ မဟုတ်ပါလား။
အခု နှစ်ကြိမ် နှစ်ကျော့ (၂၀၂၅ ဒီဇင်ဘာ/ ၂၀၂၆ ဇန်နဝါရီ) ခွဲပြီး မင်းအောင်လှိုင်တို့ (စကမ)စစ်အုပ်စုက ကျင်းပ မယ်ဆိုတဲ့ရွေးကောက်ပွဲဟာ “အဖြစ်ပဲ” ကျင်းပမယ့် ရွေးကောက်ပွဲဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲမှာ ဘယ်ပါတီ အနိုင်ရမယ်ဆိုတာ အားလုံး သိပြီးသားဖြစ်ပါတယ်။ ရွေးကောက်ပွဲရလဒ်က ထွက်ပြီးသားပါ။ ရွေးကောက်ပွဲက စတိသဘောပဲ ကျင်းပရမှာပါ။ ဒီရွေးကောက်ပွဲက စစ်ဗိုလ်နဲ့တွဲပြီး ဂေါက်ရိုက်ရ သလိုမျိုးဆိုတာ လူတိုင်း သိကြပါတယ်။ ဝင်ရိုက်တဲ့သူတွေ အနိုင်မရပါဘူး။ သူတို့အားတက်သရော ပါဝင်ယှဉ်ပြိုင်ပေ မယ့် စစ်ဗိုလ်က လက်ရည်သာလို့ အနိုင်ရသွားတယ်ဆိုတာ ပေါ်လွင်ရုံဝင်ပြိုင်ပေးရတဲ့ အဖြည့်ခံသဘောသာ ဖြစ်ပါ တယ်။ ဦးကိုကိုကြီးတို့၊ ဒေါ်သက်သက်ခိုင်တို့ ပါတီတွေဆိုတာ အဖြည့်ခံတွေပါ။ ဒေါက်တာအေးမောင်ဆိုရင် အဖြည့်ခံ အဖြစ် ထမ်းဆောင်ဖို့ “လွတ်ငြိမ်းချမ်းသာခွင့်”ဆိုတာကိုတောင် မင်းအောင်လှိုင်က ရက်ရက်ရောရော ပေးသနားထား ပြီးပြီ မဟုတ်ပါလား။
ဦးခင်မောင်ဆွေတို့၊ ဒေါ်စန္ဒာမင်းတို့ကတော့ ပွဲကြီးပွဲကောင်းလွတ်သွားလို့ စိတ်ဖိစီးနေကြတဲ့ပုံပါပဲ။ သူတို့ လည်း အခြားပါတီတွေထဲကူးပြီး သို့တည်းမဟုတ် တသီးပုဂ္ဂလအဖြစ်ပါဖို့ လမ်းတွေ့နေသေးတယ်လို့ ထင်ပါတယ်။
ဒီတော့ ဒီရွေးကောက်ပွဲဟာ ဥပဒေဘက်ရော၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်ကရော မဲပေးမယ့် စနစ်နဲ့ မဲပေးစက်အသုံးပြုမှုဘက်ကရော ကွက်ပြည့်နင်းပြီး အနိုင်ရအောင် စီမံထားတဲ့ လုပ်ပွဲသက်သက်ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲဟာ မင်းအောင်လှိုင်တို့ စစ်အုပ်စုရဲ့ “မလုပ်ရဲတာ ဘာမှမရှိ – ဘာမဆိုလုပ်ဝံ့တယ်” ဆိုတဲ့ မိုက်ကန်းမှုကို ထပ်မံ မြင်တွေ့ကြရအုံးမယ့်ပွဲတစ်ခုပါပဲ။
ပြည်တွင်းစစ်ရှိနေသမျှ၊ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗြူရိုကရက်ယန္တရားရှိနေသမျှ၊ အခြေခံဥပဒေနဲ့ အခြား ဥပဒေအရပ်ရပ်အပေါ်မှာ ကာချုပ်နဲ့ စစ်အုပ်စုရှိနေသမျှ၊ တပ်မတော်ကို စစ်အုပ်စုက တစ်လက်ကိုင်တပ် ခါးပိုက် ဆောင်တပ်အဖြစ် ကုပ်ခွစီးထားသမျှ ဘယ်လိုရွေးကောက်ပွဲမှ စိတ်မချရပါဘူး။ အကြောင်းပြချက်တစ်မျိုးမျိုးနဲ့ လုပ် ကြံစွပ်စွဲပြီး အချိန်မရွေး အာဏာအသိမ်းခံရနိုင်ပါတယ်။
စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ စစ်မှန်တဲ့ပြည်ထောင်စုကို တကယ်တမ်း တည်ဆောက်လိုတယ်ဆိုရင် ပြည်တွင်းစစ်ကို နည်းမှန်လမ်းမှန်နဲ့ ချက်ချင်းရပ်စဲဖို့ ပထမဦးစားပေးအချက်အနေနဲ့ လိုအပ်ပါတယ်။
ဒီအချက်မရှိဘဲ၊ ဒီအချက်မှန်မှန်ကန်ကန် ဖြစ်မြောက်မလာသေးဘဲ အခြားဘာမှ တွေးတော စဉ်းစား လုပ်ကိုင် ဖို့ သင့်တော်လိမ့်မယ် မဟုတ်ပါဘူး။
ပြည်သူတွေကလည်း သူတို့သားသမီးတွေကို စစ်ထဲအတင်းအဓမ္မဆွဲသွင်းနေတဲ့၊ ရှေ့တန်းပို့ အသေခံခိုင်းနေ တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ချက်ချင်းလက်ငင်းပြဋ္ဌာန်းပြီး ဇက်ရဲလက်ရဲ စစ်သားဆွဲနေတဲ့ အခြေအနေအောက်မှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ သူတို့အသဲကြားက မဲတစ်ပြားကို ဘယ်လိုစိတ်ထားမျိုးနဲ့ ပေးနိုင်ကြပါလိမ့်မလဲ။ မင်းအောင်လှိုင် သမ္မတဖြစ်အောင် မဲပေးကြရတာမျိုး သူတို့ ဘယ်လိုဆန္ဒမျိုးနဲ့ လုပ်နိုင်ကြပါလိမ့်မလဲ။ အသံတိတ် ဆန့်ကျင်ကြပါလိမ့်မယ်။







