ချင်းပြည်သစ်ကွန်ဂရက်ပါတီက ချင်းပြည်နယ်မှာ နေရာအားလုံး ရွေးကောက်ပွဲ ဝင်ပြိုင်ရန် နာမည်စာရင်း တင်သွင်းထား

ချင်းပြည်သစ်ကွန်ဂရက်ပါတီက ချင်းပြည်နယ်မှာ နေရာအားလုံး ရွေးကောက်ပွဲ ဝင်ပြိုင်ရန် နာမည်စာရင်း တင်သွင်းထား

ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC) အနေဖြင့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲ ပြုလုပ်မည့် မဲဆန္ဒနယ် အားလုံး ဝင်ရောက် ယှဉ်ပြိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းထားကြောင်း ချင်းပြည်သစ်ကွန်ဂရက်ပါတီ ဥက္ကဌ ဦးစိုးထက်ထံမှ သိရှိရပါတယ်။

“ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် လေးမြို့နယ်အတွက်တော့ တင်လို့မရဘူး။ ကျန်တဲ့ ချင်းပြည်နယ်ရှိ မဲဆန္ဒနယ် အားလုံးမှာ ဝင်ယှဉ်ပြိုင်နိုင်ဖို့ ပါတီကနေနဲ့ အမည်စာရင်း တင်သွင်းထားပါတယ်” NCC ပါတီ ဥက္ကဌ ဦးစိုးထက်မှ Chin World Media ကို ပြောကြား ခဲ့ပါတယ်။

အမည်စာရင်း တင်သွင်းသည့် ကိုယ်စားလှယ်လောင်း စာရင်းနဲ့ ပတ်သက်ပြီး “ပါတီအနေနဲ့ ထုတ်ပြန်ဖို့ မရှိသေးပါဘူး။ UEC က အောက်တိုဘာလ ၄ ရက်နေ့ အထိ အဆင့်ဆင့် စိစစ်ဖို့ ရှိသေးတယ်။ အဲအဆင့် ပြီးသွားမှပဲ ထုတ်ပြန်ဖို့ ပါတီအနေနဲ့ ဆုံးဖြတ်ထားတယ်” လို့ လည်း ဦးစိုးထက်မှ ဆက်လက် ပြောကြား ခဲ့ပါတယ်။

ချင်းပြည်နယ်မှာ ပလက်ဝ၊ ကန်ပက်လက်၊ မင်းတပ်နှင့် မတူပီ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ပြုလုပ်မည် မဟုတ်ဘဲ ထန်တလန်၊ ဟားခါး၊ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့မှာသာ ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်ပြီး တစ်ပြည်နယ်လုံးမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၅) နေရာ၊ အမျိုးသား လွှတ်တော်တွင် FPTP စနစ်ဖြင့် ကိုယ်စားလှယ် (၃) နေရာ၊ PR စနစ် ဖြင့် (၆) နေရာ၊ ပြည်နယ်လွှတ်တော် တွင် FPTP စနစ်ဖြင့် ကိုယ်စားလှယ် (၅) နေရာ၊ PR စနစ် ဖြင့် (၉) နေရာ စုစုပေါင်း (၂၉) နေရာအတွက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ချင်းပြည်နယ်အတွင်း ယှဉ်ပြိုင်မယ့် ပါတီတစ်ခုဖြစ်တဲ့ ဇိုမီးအမျိုးသားပါတီ (ZNP) ကတော့ “ကျွန်တော်တို့ ရည်မှန်းထားတဲ့ဒေသအတွက်ပဲ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားပါတယ်။ အဲမြို့နယ်တွေ အတွက်တော့ မဲဆန္ဒနယ် အားလုံးအတွက် ကိုယ်စားလှယ်လောင်း နာမည်စာရင်း တင်သွင်းထားပါတယ်။ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကတော့ နာမည်စာရင်းတွေ လက်ခံလိုက်ပါပြီ။ ကိုယ်စားလှယ် ဦးရေနှင့် နာမည်ကိုတော့ အောက်တိုဘာလ ၄ ရက်နေ့ နောက်ပိုင်းမှပဲ ထုတ်ပြန်ဖို့ စီစဉ်ထားပါတယ်” လို့ ZNP ပါတီမှ တာဝန်ရှိသူ တစ်ဦးက Chin World Media ကို ပြောကြား ခဲ့ပါတယ်။

၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ပြည်ထောင်စုတဝှမ်းလုံး စည်းရုံးမယ့် ပါတီ ၆ ပါတီ၊ တိုင်း သို့မဟုတ် ပြည်နယ်အတွင်း စည်းရုံးမယ့် ပါတီ ၅၁ ပါတီနှင့် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများအပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၄,၉၆၃)ဦးက အမည်စာရင်းများ ကိုတင်သွင်းခဲ့တယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ စက်တင်ဘာလ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန် ခဲ့ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ပါတီအလိုက် အမည်စာရင်း တင်သွင်းမှုပြ ဇယားအရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီသည် ကိုယ်စားလှယ်လောင်း (၁,၀၁၈) ဦးဖြင့် အများဆုံးဖြစ်ကာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ (၆၉၄) ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ (၆၇၂) ဦး၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ (၄၂၈) ဦး၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)မှ (၅၈၄) ဦး၊ ပြည်သူ့ပါတီမှ (၅၁၂) ဦး၊ တိုင်း/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီ ၅၁ ပါတီမှ (၉၆၀) ဦးနှင့် တစ်သီးပုဂ္ဂလအဖြစ် (၉၅) ဦးတို့ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ကိုယ်စားလှယ်လောင်းများရဲ့ အမည်စာရင်းတင်သွင်းမှုများကို စက်တင်ဘာ ၂၃ ရက်နေ့မှ အောက်တိုဘာ ၄ ရက်နေ့အထိ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခဲ့ကြသည့် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ အသီးသီး၌ စိစစ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိတယ် လို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သတင်းကြေငြာချက်မှာ ပါရှိပါတယ်။

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...