ကျောက်ဖြူတွင် နှစ်ဖက်တိုက်ပွဲ ငြိမ်သက်နေရာ ယနေ့တွင် အာရက္ခတပ်တော် (AA) နှင့် အကြမ်းဖက် စစ်တပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
ယမန်နေ့ စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ရဲတပ်ရင်း ၃၂ ပတ်ဝန်းကျင်တွင် ကင်းလှည့်နေသည့်စစ်တပ် အင်အား ၅၀ ခန့်ပါ စစ်ကြောင်းနှင့် AA တို့ နှမ်းဖဲတောင်နှင့် ကပ်သပြေပတ်ဝန်းကျင်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ခုမှ နိရဉ္စရာကို ပြောသည်။
"အဲဒီစစ်ကောင်စီစစ်ကြောင်းက ရဲတပ်ရင်းပတ်ဝန်းကျင်မှာ ကင်းလှည့်စစ်ကြောင်းထိုးရာကနေ အေအေနဲ့ ထိတွေ့တိုက်ပွဲဖြစ်သွားပါတယ်"ဟု ပြောသည်။
၎င်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ ထွက်ပေါက်မရ ဖြစ်သွားရာက လက်နက်ကြီးပစ်ကူများ၊ စစ်ကူစစ်ကြောင်းများဖြင့် တိုက်ပွဲထဲကနေ ကယ်ထုတ်ခဲ့ရသည်ဟု သူက ပြောသည်။
"အဲဒီအနီးအနားမှာက စစ်ကောင်စီစစ်ကြောင်းထိုးလှုပ်ရှားတယ်။ အဓိက ဓာတ်အားစက်ရုံနဲ့ ရဲတပ်ရင်း ၃၂ လုံခြုံရေးလှုပ်ရှားစစ်ကြောင်းပါ။ AA ကတော့ စစ်ကောင်စီလှုပ်ရှားမှုကိုစောင့်ကြည့်ပြီး ပြန်လှုပ်ရှားတယ်။ ထိတွေ့တိုက်ပွဲဖြစ်တယ်။ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခံရတော့ နောက်ဆုံးမှာ လက်နက်ကြီးပစ်ကူ၊ မြေပြင် စစ်ကူတွေနဲ့ ကယ်ထုတ်သွားခဲ့ရတယ်"ဟု ပြောသည်။
ယခုတိုက်ပွဲနှင့် ပတ်သက်ပြီး အသေအပျောက်၊ အထိအခိုက်ကို မသိရသေးကြောင်း ၎င်းက ပြောသည်။
လိပ်ခမော်၊ ပြင်ရှည်၊ ပြိုင်းစေ့ကေနှင့် ပတ်ဝန်းကျင်အနီးအနားတွင် ကင်းလှည့်သည့် စစ်ကြောင်းကို AA မှ စနိုက်ဘာနှင့်ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်း သေဆုံးမှုများရှိသည်ဟု သိရသည်။
အာရက္ခတပ်တော် (AA)က ကျောက်ဖြူ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေရာတွင် အကြမ်းဖက်စစ်တပ်သည် ရဲတပ်ရင်းအမှတ်(၃၂)နှင့် ဓညဝတီရေတပ်ဌာနချုပ်မှ အဓိကရှေ့တန်းစီမံကွပ်ကဲမှုဌာနချုပ်အဖြစ်ပြုလုပ်ထားပြီး ယင်းနေရာကနေ အာရက္ခတပ်တော်ကို ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။
၎င်းပြင် စစ်မြေပြင်တွင် သေဆုံးသွားသောစစ်သားများနေရာတွင် ရဲတပ်ရင်း (၃၂)ကနေ စစ်သားများဖြင့် ထပ်မံအားဖြည်ပြီး ကျောက်ဖြူမြို့ အခြေစိုက် တပ်ရင်းများဖြစ်ကြသည့် ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃ တို့က ထောက်ပို့၊ စစ်ကူအဖြစ် တာဝန်ယူထားရသည်ဟု သိရသည်။







