အင်ပေါင်စစ်ရှောင်ကလေးအချို့ အခကြေးငွေပေးပြီး သုံးဘီးငှား ကျောင်းတက်နေရ၊ ကျောင်းသားများတဲ့ မိဘတွေ အခက်ကြုံ

အင်ပေါင်စစ်ရှောင်ကလေးအချို့ အခကြေးငွေပေးပြီး သုံးဘီးငှား ကျောင်းတက်နေရ၊ ကျောင်းသားများတဲ့ မိဘတွေ အခက်ကြုံ

ကချင်ပြည်နယ်နယ်၊ ဝိုင်းမော်မြို့နယ်၊ အင်ပေါင်စစ်ရှောင်စခန်းမှာရှိတဲ့ ကလေးတစ်ချို့ဟာ တစ်ယောက်ကို တစ်လ ကျပ် ၃၀,၀၀၀ နဲ့ သုံးဘီးငှား ကျောင်းသွားနေရပြီး ကျောင်းသားများတဲ့ မိဘတွေအနေနဲ့ အခက်အခဲဖြစ်နေပါတယ်။

စစ်ရှောင်စခန်းက ကျောင်းတက်နေတဲ့ကလေး အယောက် ၁၀၀ ကျော်ထဲက ထက်ဝက်လောက်ဟာ နောင်းချိန်းကျေးရွာမှာရှိတဲ့ ကျောင်းတွေဆီ သုံးဘီးငှား သွားနေရပြီး ကျောင်းသား ၃ ယောက်နဲ့အထက်ရှိတဲ့ မိဘတွေဆိုရင် ငွေကြေးအခက်အခဲ ဖြစ်နေရတယ်လို့ အင်ပေါင်စစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။

"စခန်းကနေ ကျောင်းသွားတက်တဲ့ နေရာကို သုံးဘီးတွေနဲ့ သွားရတယ်။ သုံးဘီးက တစ်လ ၃၀,၀၀၀ ပေးရတယ်။ ကလေးသုံးယောက်ရှိရင် ၉၀,၀၀၀ ပေးရတယ်။ဒီလိုအခက်အခဲတွေရှိတယ်။"လို့ တာဝန်ခံက ဆိုပါတယ်။

လက်ရှိအချိန် စစ်ရှောင်စခန်းကို လာလှူတဲ့သူလည်း မရှိတာကြောင့် သုံးဘီးဖိုးကို စစ်ရှောင်စခန်းက မထုတ်ပေးနိုင်ဘဲ တချို့လတွေဆိုရင် မိဘတွေအနေနဲ့ အကြွေးစီးခိုင်းတာမျိုးအထိ ရှိတယ်လို့ တာဝန်ခံက ဆက်လက်ပြောပါတယ်။

"ကလေးများတဲ့ မိသားစုကတော့ ဒုက္ခရောက်တာတော့ရောက်နေတယ်။ တခါတစ်လေကျတော့ အကြွေးထားပြီးမှ ရတဲ့အခါပြန်ဆပ် အဲဒီလိုမျိုးလုပ်ရတယ်။" လို့ ဆိုပါတယ်။

ငှားထားတဲ့သုံးဘီး သုံးစီးရှိပြီး တစ်စီးကို အယောက် ၂၀ အထိ ကြပ်ညှပ်စီးရတဲ့ အခြေအနေရှိတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် လျှပ်စစ်မီးလည်း ပုံမှန်မရတာကြောင့် ရေတင်ဖို့နဲ့ ကလေးတွေစာကျက်ဖို့အတွက် မီးစက်နှိုးဖို့ ဓာတ်ဆီ၊ ဒီဇယ်ဆီဖိုးလည်း ခက်ခဲနေပြီး အလှူရှင်မရှိတာကြောင့် ခက်ခဲနေရတယ်လို့လည်း ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဓါတ်ဆီ/ဒီဇယ် တစ်ဂါလံကို ကျပ် ၃၀,၀၀၀ အထိ ဈေးပေါက်ပါတယ်။

ဗလမင်းထင်တံတားမြောက်ဘက်ပိုင်း နောင်းချိန်းကျေးရွာအုပ်စုထဲက အင်ပေါင်စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၁၇၀ ကျော်၊ လူဦးရေ ၉၀၀ နီးပါး ရှိတယ်လို့သိရပြီး အဲဒီစစ်ရှောင်ပြည်သူတွေဟာ မနှစ်က မတ်လမှာ ဝိုင်းမော်-လိုင်ဇာလမ်းမတစ်လျှောက် ဖြစ်ပွားခဲ့တဲ့ KIA နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲကြောင့် ရပ်ရွာစွန့်ပြီး တိမ်းရှောင်လာသူတွေ ဖြစ်ပါတယ်။

April 11, 2026
ကချင်ပြည်နယ်အတွက် အဆိုပြုထားတဲ့ ဝန်ကြီး ၇ ယောက်နဲ့ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နဲ့...
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။
April 10, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ရဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်နဲ့ အဖွဲ့...
ပုံဟောင်းဖြစ်ပါသည်
April 8, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ရဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်က ရှမ်းမြောက် ဒေသထဲ...
April 7, 2026
စစ်ကော်မရှင်ရဲ့ ကချင်ပြည်နယ်လွှတ်တော်က အခုစစ်ကော်မရှင်ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကိုပဲ...