ရန်ကုန်တွင် ယခု စက်တင်ဘာ လဝက်အတွင်း လူငယ် ၃၀ ထက်မနည်းကို စစ်ကောင်မရှင်တပ်နှင့် အရပ်ဝတ်လက်နက်ကိုင်များက လမ်းမပေါ်တွင် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်မြေပြင်သတင်းများအား စုံစမ်းဖော်ပြနေသည့် Rangoon Scout Network ထံမှ သိရသည်။
“ဒီလဝက်ထဲ ဖမ်းခံရတဲ့သူဟာ စုစုပေါင်း အယောက် ၇၀ လောက်ရှိတယ်ဆိုတာ သိရပါတယ်။ အဲ့ထဲမှာ လမ်းမပေါ် အဆွဲခံရတာ ၃၀ ကျော်ပါပါတယ်။ ကျန်တာကတော့ သတင်းအတိအကျနဲ့ ရှာဖမ်းတာ၊ ဧည့်စစ်ပြီး ဖမ်းတာတွေပါ” ဟု RSN တာဝန်ရှိသူက ပြောသည်။
စစ်ကော်မရှင်၏ စစ်မှုထမ်းအပတ်စဉ် (၁၇) သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပခဲ့ကြောင်း စစ်ကော်မရှင်ဝါဒဖြန့်သတင်းများက ဖော်ပြသည်။
သင်တန်းတက်ရောက်မည့်သူများကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီးသို့ ပို့ဆောင်ရသည့်အတွက် ထိုကာလမတိုင်မှီ စစ်ကော်မရှင်တပ်နှင့်၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများက လူငယ်များအား ဖမ်းဆီးမှု ပိုမိုပြုလုပ်ခဲ့ကြောင်း RSN ထံမှ သိရသည်။
ရန်ကုန်မြို့ရှိ မြို့နယ်အများစုတွင် ယခုလ ပထမအပတ်အတွင်း လူငယ် ၄၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး အများစုမှာ လမ်းမပေါ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ထို့အပြင် နာမည်အတိအကျဖြင့် လာရောက်ဖမ်းဆီးမှု၊ ဧည့်စာရင်းစစ်ဆေးမှုတို့ကြောင့် ဖမ်းဆီးခံရခြင်းများလည်း ရှိခဲ့သည်။
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ရန်ကုန်မြို့တွင် အကြောင်းမဲ့ ဖမ်းဆီးခံရကာ စစ်မှုထမ်းတပ်သားသစ်အဖြစ် ခေါ်ဆောင်ခံရခြင်းများ ဆက်တိုက်ဖြစ်နေသည့်အတွက် ပြည်သူများအကြား ဝေဖန်မှုများ ရှိခဲ့သည်။
ထို့ကြောင့် စစ်မှုထမ်းအပတ်စဉ် (၁၀) နှင့် (၁၅) ကြားတွင် ပေါ်တာဆွဲဖမ်းဆီးမှုများ မပြုလုပ်ရန်၊ ပျူစောထီးများ အုပ်ချုပ်ရေးမှူးများ၏ လူစားထိုးဈေးကွက်အစား စစ်မှုထမ်းစာရင်းအတိုင်း အိမ်အထိ လိုက်လံခေါ်ယူခြင်းများ ပြုလုပ်ရန် စစ်ကော်မရှင်တပ်က တင်းကျပ်မှုများပြုလုပ်ခဲ့သည်။
သို့သော် တပ်သားသစ်ရရှိမှု နည်းလာသည့်အတွက် စစ်မှုထမ်းအပတ်စဉ် (၁၆) မှ စ၍ ယခင်က တင်းကျပ်ထားမှုကို ပြန်လည်ရုတ်သိမ်းကာ လူသစ်ရရှိရန် ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း RSN တာဝန်ရှိသူက ပြောသည်။
“အမှတ်စဉ် (၁၀) နဲ့ (၁၅) ကြားမှာ နည်းနည်းကျပ်ပြလိုက်ပါသေးတယ်။ လူအရ နည်းလာလို့ဆိုပြီး အမှတ်စဉ် (၁၅) နောက်ပိုင်း လူအဖမ်းအဆီးနဲ့ ပတ်သက်ပြီး တင်းကျပ်ထားတာတွေကို ပြန်ဖြေလျှော့လိုက်ပါတယ်။ အဲ့လို ဖြေလျှော့ပြီး နောက်ပိုင်းမှာ အဖမ်းအဆီးတွေ ပိုဆိုးသွားတာပါပဲ။ လူရဖို့ကော၊ ပြန်ရွေးငွေရဖို့ကော တွေ့သမျှ လူလိုက်ဆွဲနေကြတော့တာပါ” ဟု ဆိုသည်။
ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တွင် နေထိုင်သူ ဆယ်ကျော်သက်အရွယ် သားနှစ်ဦး၏ မိခင်ဖြစ်သူက “ကျွန်မတို့ ရပ်ကွက်မှာဆို အလုပ်ကပြန်လာတဲ့ လူငယ်တယောက် ကားဂိတ်ကနေ လမ်းလျှောက်ပြန်လာတဲ့အချိန် ပျောက်သွားတယ်။ ပြန်သိရတာကတော့ ပေါ်တာဆွဲခံရတယ် လိုက်ရွေးလို့လည်းမရဘူး။ အိမ်က သားတွေကိုလည်း မိုးချုပ်ရင် အပြင်ပေးမထွက်ဘူး။ သူတို့အပြင်သွားရင် ကိုယ်ပါ လိုက်သွားနေရတယ်” ဟု ပြောသည်။
ရန်ကုန်မြို့ပေါ်တွင် စစ်ကော်မရှင်တပ်က ပေါ်တာဆွဲဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း တဖက်တွင် ညဘက် စားသောက်ဆိုင်များ၊ ဘီယာဆိုင်များနှင့် နိုက်ကလပ်များတွင် လူစည်ကားနေဆဲဖြစ်ကြောင်း မြို့ခံတဦးက ထောက်ပြသည်။
“ပေါ်တာဆွဲတာတွေကလည်း ရန်ကုန်မှာ တကယ်ဖြစ်နေတာ။ နောက်ပြီး ညဘက် ဘားတွေ ကလပ်တွေမှာလည်း လူငယ်တွေ စည်ကားပျော်ပါးနေတာကလည်း ပုံမှန်လိုပဲ။ ပြောရမယ်ဆိုရင် ဒီကာလမှာ အခြေခံလူတန်းစားတွေ ပိုပြီးဒုက္ခရောက်လာကြတယ် ပြောရမှာ” ဟု ၎င်းက ပြောသည်။
စစ်ကော်မရှင်၏ ၎င်းတို့၏ လက်အောက်ခံ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများသည် လူငယ်များအား ပေါ်တာဆွဲဖမ်းဆီးနိုင်ရန် အရပ်သားကားများဖြင့် လှည့်လည်စောင့်ကြည့်နေသည့်အတွက် သတိပြုကြရန် Rangoon Scout Network က တိုက်တွန်းသည်။
ထို့အပြင် ရပ်ကွက်အတွင်းရှိ စစ်ကော်မရှင်လက်အောက်ခံများ၏ လှုပ်ရှားမှုများအား မျက်ခြေမပြတ်စောင့်ကြည့်နားစွင့်ထားရန် လိုအပ်ပြီး အကြောင်းကိစ္စတခုခုရှိလာပါက ယာယီတိမ်းရှောင်နိုင်သည့်နေရာများအား ကြိုတင်ပြင်ဆင်ထားကြရန်လည်း RSN တာဝန်ရှိသူက အကြုံပြုထားသည်။
Published
Wednesday, September 17, 2025
ရန်ကုန်တွင် ၁၅ ရက်အတွင်း လူငယ် ၃၀ ထက်မနည်း ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရ
Photo credit - CJ







