ကချင်ပြည်၊ ဗန်းမော်မြို့ တိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို နိရဥ္ဇရာက စက်တင်ဘာ ၁၅ ရက်နေ့က ဆက်သွယ်မေးမြန်းခွင့်ရရှိခဲ့ပါသည်။
ဗန်းမော်မြို့တိုက်ပွဲနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူ ပြောကြားချက်တစ်ချို့ကို ခေါင်းစဉ်ငယ် တချို့နှင့် ဖတ်ရလွယ်ကူအောင်တင်ပြပေးလိုက်ပါသည်။
(သူ့အလှည့်ကိုယ့်အလှည့်)
“ဗန်းမော်မှာ စကစဌာနချုပ်အပါအဝင် တပ်ရင်း တပ်ဖွဲ့ ၁၀ ကျော်ရှိတယ်။ အဲ့ဒါကို ကျွန်တော်တို့ ဝိုင်းထားတာ။ နဂိုနေရာယူထားတဲ့ နေရာမှာ ကျွန်တော်တို့ရှိနေပါတယ်။ ကျွန်တော်တို့ကို သူတို့ဝိုင်းတာ မရှိပါဘူး။ စစ်ရဲ့သဘောထားအရ သူ့အလှည့် ကိုယ့်အလှည့်ပေါ့။ အခုအချိန်မှာ သူတို့က အလှည့်ကျနေလည်း မနက်ဖန်သက်ခါတော့ ကျွန်တော်တို့ အလှည့်ကျမှာပါ။ ဒါကြောင့် ကျွန်တော်တို့လည်း ဝိုင်းပြီး ကြိုးစားနေပါတယ်။”
(အကြမ်းဖက်တပ်တွေကို ဝိုင်းဝန်းပိတ်ဆို့ထား)
“ဗန်းမော်မြို့ရှိဗန်းမော်လေယာဉ်ကွင်းတစ်ခြမ်း၊ ခလရ(၂၃၆)၊ အမတ (၃၆၆)၊ (၅၀၁၄) တင့်ကားတပ်။ ဆက်သွယ်ရေး၊ထောက်ပို့ရေးတပ်၊ လက်ရုံးတပ်တွေနဲ့ မြို့တောင်ဘက်မှာခလရ(၄၇)တပ်ရင်းတို့ရှိပါတယ်။ ဒီတပ်တွေကိုလည်း KIA နဲ့ ပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ထားပါတယ်။”
(တင့်ကားတပ် (၅၀၁၄)နှင့်ခလရ ၂၃၆ တပ်ကို လက်လွှတ်လိုက်ရ)
“ဗန်းမော်မှာ ကျွန်တော်တို့ KIA ပူးပေါင်းတပ်တွေကိုဝိုင်းပြီးပိတ်ဆို့ထားတယ်ဆိုတာ မှန်ကန်မှု မရှိပါဘူး။ ကျွန်တော်တို့တွေက ကိုယ့်နေရာမှာနေပြီးတော့ တိုက်ပွဲတွေဆင်နွှဲနေပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့မှာကတော့ သူတို့ရဲ့ သံချပ်ကာတပ်ရင်း (၅၀၁၄) နဲ့ ခလရ၂၃၆ က ကျွန်တော်တို့ဆုတ်ခွာထားတဲ့ အနေအထားရှိပါတယ်။ အခုထက်ထိတော့ သူတို့နေဗီက ထိုးစစ်ဆင်တာမရှိဘူး။ လေကြောင်းကလည်း ဗုံးကြဲတာ ၁၁ ရက်နေ့နောက်ပိုင်းမရှိသေးဘူး။ လက်နက်ကြီးနဲ့ ရံဖန်ရံခါ ရမ်းသမ်းပစ်တာတွေတော့ ရှိတယ်။ KIA ပူးပေါင်းတပ်တွေကတော့ နဂိုနေရာယူထားတဲ့နေရာမှာ အားလုံးရှိနေပါတယ်။"
(သံချပ်ကာတပ်ရင်းနှင့် ခလရ ၂၃၆ ကို ပြန်ရယူမည်)
ဗန်းမော်မြို့မြို့မှာ သံချပ်ကာတပ်ရင်း (၅၀၁၄)နဲ့ ခလရ ၂၃၆ ကို အကြမ်းဖက်မြန်မာစစ်တပ်က ပြန်လည် ရယူသွားပေမယ့်လည်း KIA ပူးပေါင်းတပ်တွေအနေနနဲ့ ဗန်းမော်မြို့ပေါ်နေရာတော်တော်များမှာ ဆက်ပြီးဖြန့်ကြက်နေဆဲဖြစ်ပါတယ်။ သံချပ်ကာတပ်ရင်းနဲ့ ခလရ ၂၃၆ ကို ပြန်ရဖို့ကြိုးစားနေပါတယ်။
(တိုက်ပွဲပြင်းထန်ဆုံးကာလ)
ဗန်းမော်မြို့သို့ ဇူလိုင်လအတွင်းက အကြမ်းဖက် မြန်မာစစ်တပ်စစ်သင်္ဘောအစီး ၂၀ ကျော် ဝင်ရောက်လာပြီးနောက်ပိုင်း ဩဂုတ်လနောက်ဆုံးအပတ်နဲ့ စက်တင်ဘာ ၁၁ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
(တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အရေအတွက်)
KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ ၂၀၂၄ ဒီဇင်ဘာလမှ၂၀၂၅ စက်တင်ဘာလအထိ ၉ လကျော်ကြာ စစ်ဆင်ရေးကာလအတွင်း အကြမ်းဖက် မြန်မာစစ်တပ်စစ်တပ်ဘက်က သေဆုံးမှုများပြားပြီး လက်နက်စွန့်ပစ်အလင်းဝင်လာသူတွေလည်း အများအပြားရှိပါတယ်။ တိုက်ပွဲကာလ ၉ လကျော်အတွင်း တိုက်ပွဲကြီး ၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ထိတွေ့တိုက်ပွဲ ၄၉၀ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
photo credit - KNG







