သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (စက်တင်ဘာလ ၁၆ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ ကိုးကန့်တပ်ဖွဲ့ MNDAA လုံခြုံရေးယာဉ်တန်းများ ဝင်ရောက်လာပြီး ဆင်နှစ်ကောင် ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ကိုးကန့်တပ်နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား လားရှိုးမြို့၌ စက်တင်ဘာလအတွင်း ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခြင်းဖြစ်ကာ ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်တွင်လည်း အလားတူ တွေ့ဆုံခဲ့ကြောင်း သိရသည်။
“ဆင်နှစ်ကောင်ဟိုတယ်မှာ တွေ့ကြတာ ဟုတ်တယ်၊ ဒီတစ်ခေါက် ဘာတွေ ဆွေးနွေးကြလဲ ဆိုတာတော့ မသိသေးဘူး။ လဆန်းတုန်းက တွေ့တာတော့ လားရှိုးကို ကိုးကန့်အုပ်ချုပ်တုန်းက အလုပ်လုပ်ပေးခဲ့တဲ့ လူတွေကို စစ်တပ်က သွားရစ်တာ ကိုးကန့်ဘက်က သိသွားလို့၊ အဲ့လို ပြဿနာသွားရှာတာ ထပ်မလုပ်ဖို့ အစည်းအဝေးထဲမှာ ပြောခဲ့တယ်။ အဓိက အဲ့တာလေးတော့ သိရတယ်”ဟု လားရှိုးမြို့မှ ကိုးကန့်တပ်နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ပေါ်သို့ ယခု စက်တင်ဘာလ (၁၉) ရက်မှ စ၍ စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများ ပြန်လည်ဝင်ရောက်မည်ဟု သတင်းထွက်ပေါ်နေချိန် လားရှိုးမြို့၌ စစ်ကော်မရှင်နှင့် MNDAA တာဝန်ရှိသူများ တစ်လထဲ နှစ်ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း နှစ်ဘက်စလုံးမှ သတင်းထုတ်ပြန်ခြင်း မရှိပါ။
“သိန္နီအကြောင်းကတော့ အစည်းအဝေးထဲ မပြောလည်း စစ်တပ်ကလူတွေ ရောက်နေပြီပဲ။ စည်ပင်က လူတွေ ရောက်နေပြီလို့ ဒေသခံတွေလည်း ပြောနေတယ်။ လားရှိုးမြို့ထဲ ကိုးကန့်နဲ့ စစ်တပ် တစ်လတစ်ခါ ပုံမှန်တွေ့တာကနေ ဒီလထဲ ၂ ခါ ရှိပြီဆိုတော့ တစ်ခုခု ထူးခြားလို့ပေါ့”ဟု အဆိုပါ လားရှိုးဒေသခံ အမျိုးသားက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၈) ရက်တွင် လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်၌ စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တွေ့ဆုံခဲ့စဉ် လျှပ်စစ်မီတာခနှင့် ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ခံမှုတို့ကို ဆွေးနွေးခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
တရုတ်၏ ဖိအားပေးမှုကြောင့် ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်တွင် လားရှိုးမြို့ပေါ်မှ MNDAA တပ်များ ဆုတ်ခွာပေးခဲ့ရသော်လည်း လားရှိုးမြို့နှင့် ၄ မိုင်အကွာအဝေးတွင် ဆက်လက်တပ်စွဲထားပြီး မြို့ပေါ်ရပ်ကွက် (၁၂) ခုကို စစ်ကောင်စီမှ ပြန်လည်အုပ်ချုပ်ခဲ့သည်။
လက်ရှိတွင် လားရှိုးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများသို့ စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများက ရွေးကောက်ပွဲအတွက် အီလက်ထရောနစ်မဲပေးစက် အသုံးပြုနည်းများကို လိုက်လံရှင်းပြနေကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ-လားရှိုးမြို့ပြန်လည်ထူထောင်ရေး FB)







