အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်မှ မြို့နယ်အချို့တွင် အမျိုးသမီး(၁၁)ဦးအား အဓမ္မပြုကျင့်ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ကျူးလွန်ခဲ့သည့်အမျိုးသားတစ်ဦးကို အာရက္ခပြည်သူ့
အစိုးရက ထောင်ဒဏ် အနှစ် (၄၀) ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ထောင်ဒဏ်ချမှတ်ခံရသူများမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ ဇော်ဇော်နိုင်(ခ)လဖြူချေ (၂၅)နှစ် ဖြစ်သည်။
ဇော်ဇော်နိုင်(ခ)လဖြူချေ အဓမ္မမှုကျူးလွန်ခဲ့သည့် အမျိုးသမီးများမှာ အသက် ၁၈ နှစ် အောက် အသက်မပြည့်သေးသူများပါဝင်ပြီး စုစုပေါင်း (၁၁)ဦးအား ကျူးလွန်ခဲ့ကြောင်း သိရသည်။
ယင်းအထဲမှ လက်ရှိ လေးဦးအား ကျူးလွန်ခဲ့သည့်အမှုကိုသာ ထောင်ဒဏ်ချမှတ်ခြင်းဖြစ်ပြီး နောက်ထပ် ခုနစ်ဦး၏ ကျူးလွန်ခံခဲ့ရသည့်အမှုအား စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
ကိုဇော်ဇော်နိုင်သည် ၎င်းအမျိုးသမီး လေးဦးအပြင် နောက်ထပ်ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမှ အမျိုးသမီးငယ် ခုနစ်ဦးအား အဓမ္မပြုကျင့်ကျူးလွန်ထားကြောင်းလည်း ဝန်ခံထားသည်။
ကျူးလွန်ခံရသူများမှာ ကျောက်တော်မြို့နယ်၊ မြင်းကြပ်ရွာမှ အသက် ၁၇ နှစ်အရွယ် တစ်ဦး၊ မြောက်ဦးမြို့၊ လက်ကောက်ဈီးရပ်ကွက်မှ အသက် ၁၄ နှစ်အရွယ် တစ်ဦး၊ မြောက်ဦးမြို့နယ်၊ ဆင်အိုးကြီးရွာမှ အသက် ၂၅ နှစ်အရွယ် တစ်ဦး၊ မြောက်ဦးမြို့နယ်၊ လိပ်မရွာမှ အသက် ၂၀ အရွယ် တစ်ဦးတို့ဖြစ်သည်။
ယင်းအထဲတွင် အသက် ၁၄ နှစ်အရွယ် အသက်မပြည့်သေးသည့်မိန်းကလေးအား အလုပ်ပေးမည်ဟု လိမ်ခေါ်ပြီး အလိုမတူဘဲ ခြိမ်းခြောက်၍ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ကြောင်း ပြစ်မှုထင်ရှားသည့်နည်းတူ ၎င်းကိုယ်တိုင်ကလည်း အမှန်အကန် ကျူးလွန်ကြောင်း ဝန်ခံထားကြောင်း သိရသည်။
၎င်းသည် ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်ကြားတွင် ကျူးလွန်ခဲ့သည့်အမှု (၁၁)ခုဖြစ်ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ ကိုဇော်ဇော်နိုင်အား မြောက်ဦးခရိုင်တရားရုံးက မြောက်ဦးမြို့နယ်၊ လိပ်မရွာမှ အမျိုးသမီးငယ်မုဒိမ်းကျင့်ခံရသည့်အမှုအား ကြားနာစစ်ဆေးရာ ပြစ်မှုထင်ရှားသဖြင့် ကျူးလွန်သူကို ရာဇသတ်ကြီး ပုဒ်မ-၃၆၆အရ အလုပ်နှင့်ထောင်ဒဏ် (၃)နှစ် တိတိကျခံစေရန်နှင့် ပုဒ်မ-၃၇၆ အရ ထောင်ဒဏ် (၇) နှစ်၊ ပေါင်း (၁၀)နှစ် သီးခြားကျခံစေရန်လည်းကောင်း၊ ကျောက်တော်မြို့နယ်၊ မြင်းကြပ်ရွာမှ အမျိုးသမီးငယ်မုဒိမ်းကျင့်ခံရသည့်အမှုအား ကြားနာစစ်ဆေးပြီးပုဒ်မ -၃၆၆ အရ အလုပ်နှင့်ထောင်ဒဏ် (၃) နှစ်၊ ပုဒ်မ-၃၇၆ အရ အလုပ်နှင့်ထောင်ဒဏ် (၇) နှစ်၊ ပေါင်း (၁၀) နှစ် သီးခြား ကျခံစေရန်လည်းကောင်း၊ မြောက်ဦးမြို့နယ်၊ ဆင်အိုးကြီးရွာမှ အမျိုးသမီးမုဒိမ်းကျင့်ခံရသည့်အမှုအား ကြားနာစစ်ဆေးပြီး ပုဒ်မ- ၃၆၆ အရ ထောင်ဒဏ် (၃)နှစ်နှင့် ပုဒ်မ-၃၇၆ အရ ထောင်ဒဏ် (၇) နှစ်၊ ပေါင်း (၁၀)နှစ်သီးခြားကျခံစေရန်လည်းကောင်း၊ မြောက်ဦးမြို့၊ လက်ကောက် ဈေးရပ်ကွက်မှ မုဒိမ်းကျင့်ခံရသည့်အမှုအားကြားနာစစ်ဆေးပြီး ပုဒ်မ-၃၆၆ အရ ထောင်ဒဏ် (၃)နှစ်နှင့် ပုဒ်မ-၃၇၆ အရ ထောင်ဒဏ် (၇) နှစ်၊ ပေါင်း (၁၀) နှစ် သီးခြားကျခံစေရန် အလုပ်နှင့်ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။
ခရိုင်တရားရုံးသည် ပြစ်မှုကျူးလွန်သူ ဇော်ဇော်နိုင်အား ပြစ်ဒဏ်ချမှတ်ရာတွင် အမှုတခုစီအတွက် ရာဇသတ်ကြီးပုဒ်မ ၃၆၆ အရ အလုပ်နှင့် ထောင်ဒဏ် (၃)နှစ်၊ ပုဒ်မ၃၇၆ အရ အလုပ်နှင့် ထောင်ဒဏ် (၇) နှစ်၊ ပေါင်း ထောင်ဒဏ် (၁၀) နှစ်ကို သီးခြားကျခံစီသည့်နည်းတူ အမှုတခုချင်း၏ပြစ်ဒဏ်များကိုလည်း သီးခြား ကျခံစေကြောင်း သိရသည်။







