တောင်ကုတ်-ဥသျှစ်ပင်ရိုးလမ်းပေါ်ရှိ AA ထိန်းချုပ်နယ်မြေကို အကြမ်းဖက်စစ်တပ်က ဒရုန်းပစ်ကူယူ၍ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲပြင်းထန်နေ

တောင်ကုတ်-ဥသျှစ်ပင်ရိုးလမ်းပေါ်ရှိ AA ထိန်းချုပ်နယ်မြေကို အကြမ်းဖက်စစ်တပ်က ဒရုန်းပစ်ကူယူ၍ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲပြင်းထန်နေ

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်း၊  ဥသျှစ်ပင်မြို့အကြားရှိ အာရက္ခတပ်တော် ( AA)မှ ထိန်းချုပ်ထားသည့် ရိုးတောင်လမ်းကို အကြမ်းဖက် မြန်မာစစ်တပ်က လေကြောင်းမှ ဒရုန်းပစ်ကူယူ၍ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ညောင်ကျိုးပတ်ဝန်းကျင်ကို စစ်တပ်ကအင်အားရာချီပြီး ထိုးစစ်ဆင်လာတယ်။ မြေပြင်ကထိုးစစ်ကို လေကြောင်းက ဒရုန်းတွေနဲ့ ပစ်ကူပေးပြီးတက်လာတာ။ ကြည်း၊ လေပေါင်းပြီး ထိုးစစ်ဆင်နေတာပါ။တိုက်ပွဲက ပြင်းထန်နေပါတယ်”ဟု ပြောသည်။

ယနေ့ဩဂုတ်၃၁ ရက် နံနက်အစောပိုင်းကတည်းက လက်နက်ကြီး၊ ဒရုန်းဗုံးများကိုအဆက်မပြတ်ပစ်ခတ်ပေးပြီး လေကြောင်းပစ်ကူယူလျက် ခြေလျှင်စစ်ကြောင်း  ၂ ကြောင်းဖြင့် AA နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားရာ နေရာသို့ အလုံးအရင်းဖြင့်ထိုးစစ်ဆင်လာသည်ဟု ဆိုသည်။

“မနက်ကတည်းက လက်နက်ကြီးအဆက်မပြတ်ပစ်တယ်။ ဒရုန်းဗုံးချတယ်။ စစ်တပ်အင်အားက ထောင်ချီဖြည့်ထားတယ်။ အင်အားထောင်ချီဖြည့်တင်းထားတဲ့ ဥသျှစ်ပင်တပ်ရင်းတွေကနေ အခုညောင်ကျိုးဖက်ကို အင်အား၆၀၀ ခန့်နဲ့ ထိုးစစ်ဆင်လာတာ” ဟု ပြောသည်။

ဥသျှစ်ပင်မြို့ ညောင်ခြေထောက်မှ လက်နက်ကြီးပစ်ကူပေးသလို ကပစ(၆)နှင့် ကပစ (၁၆)မှ လက်နက်ကြီးများပစ်ကူပေးသည့်အပြင် ဒရုန်းများလွှတ်တင်ကာ အဆက်မပြတ်ပစ်ကူပေးနေသည်ဟု ဆိုသည်။

“ညောင်ကျိုးနဲ့ ညောင်ခြေထောက်ကြားမှာရှိတဲ့ တောင်ကုန်းတွေမှာ သူပိုင် ကိုယ်ပိုင် စခန်းချနေကြတာပါ။ စစ်ဆိုင်ထားတဲ့ အနေအထားပေါ့။ အခုက စစ်တပ်က နောက်တန်းကနေ အင်အားထပ်ဖြည့်ပြီး ဒရုန်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတယ်။ အဓိက ညောင်ခြေထောက်၊ ကပစ(၆)နဲ့ ကပစ (၁၆) တို့က ပစ်ကူပေးနေတာ” ဟုပြောသည်။

လက်ရှိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသဖြင့် အထိအခိုက် အကျဆုံးကို လတ်တလော မသိရှိနိုင်သေးဟု ၎င်းက ဆက်ပြောခဲ့သည်။

အာဏာသိမ်း အကြမ်းဖက် မြန်မာစစ်တပ်သည် တိုက်ပွဲအတွင်း သင်တန်းဆင်းခါစ ပြည်သူ့စစ်များကို မူးယစ်ဆေးဝါးများ တိုက်ကျွေးပြီး ညောင်ကျိုးဖက်ကို ပြန်လည်ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။  

မြန်မာစစ်တပ်က နေ့ရော ညပါ ဒရုန်းများ၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုကြောင့် ညောင်ကျိုးကျေးရွာ အပါအဝင် အနီးအနားကျေးရွာတစ်ချို့လည်း ထိခိုက်ပျက်စီးမှုရှိနေပြီး၊ တိုက်ပွဲငြိမ်နေ၍ ကျေးရွာအတွင်း ပြန်နေထိုင်ကြသည့် ဒေသခံအချို့လည်း ယခုအခါ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာသဖြင့် တစ်ဖန် ပြန်ပြီး စစ်ဘေးရှောင် ထွက်ပြေးနေရသည်ဟု သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...