ဝိုင်းမော်၊ ဗန်းမော်နှင့် ဖားကန့်မြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်

ဝိုင်းမော်၊ ဗန်းမော်နှင့် ဖားကန့်မြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်

ကချင်ပြည်ထဲက ဝိုင်းမော်၊ ဗန်းမော်နှင့် ဖားကန့်မြို့နယ်တို့တွင် စစ်ကော်မရှင်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်နေပြီး အရပ်သားသေဆုံးမှုများ ရှိနေသည်။

မြစ်ကြီးနားတဖက်ကမ်းက ဝိုင်းမော်မြို့နယ်ထဲတွင် စစ်ကော်မရှင်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်နေပြီး လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

ဝိုင်းမော်မြို့နယ်ထဲက လမြန်ကျေးရွာဘက်ကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲ များ ပြန်ဖြစ်နေပြီး ဩဂုတ်လ ၂၆ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “လမြန်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ အရင်ပစ်တာပါ။ ဩဂုတ် ၂၆ ရက်နေ့ မနက်ပိုင်းမှာပေါ့နော်။ လက်နက်ကြီးနဲ့ ပစ်တယ်။ အဲ့ဒါပြီးမှ နေ့လည် ၁ နာရီလောက် ဖြစ်မယ်ထင်တယ်။ လေယာဉ်နဲ့ ပြန်လာပစ်တာက။ ဂျက်ဖိုက်တာပေါ့နော်၊ အဲ့ဒါနဲ့ နှစ်ကြိမ် ပစ်သွားတာပါ” ဟု ပြောသည်။

ဝိုင်းမော်မြို့နယ်ထဲ့ လမြန်နှင့် ဝူယန်ကျေးရွာ အနီး ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု အဆိုပါ ဒေသခံက ပြောသည်။

ကချင်ဒေသထဲက တိုက်ပွဲများမှာ ဝိုင်းမော်မြို့နယ်အပြင်  ဗန်းမော်နှင့် ဖားကန့်မြို့နယ်ထဲတွင်ပါ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်း ဖြစ်သည်။

ဖားကန့်မြို့နယ်ထဲတွင် ဩဂုတ်လ ၂၆ ရက်နေ့ကလည်း ပစ်ခတ်မှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

အထူးသဖြင့် ဖားကန့်မြို့နယ်ထဲက မှော်ဝမ်းလေး၊ မှော်ဝမ်းကြီးကျေးရွာဘက်၌ တိုက်ပွဲများ ဖြစ်နေပြီး အမှိုက်ပုံ

(ခေါ်) ဆွတ်ဘွမ်ကျေးရွာဘက်၌လည်း တိုက်ပွဲသံများ ကြားနေရသည်ဟု ဆိုသည်။

ထို့အပြင် စစ်ကော်မရှင်၏ ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သောကြောင့် ဖားကန့်မြို့မ မဏိဇေယျုံ ဘုန်းကြီးကျောင်းက ဆွမ်းချက်ဆောင်ပေါ် ပေါက်ကွဲခဲ့ပြီး ကိုရင် နှစ်ပါး ထိခိုက် ဒဏ်ရာရခဲ့သည်။

ဆိပ်မူကျေးရွာအုပ်စုထဲတွင်လည်း လက်နက်ကြီးကျခဲ့ပြီး အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာ ရခဲ့သည့်အပြင် လုံးခင်းကျေးရွာအုပ်စုထဲကျခဲ့သည့် လက်နက်ကြီးကြောင့် ပြည်သူ ၄ ဦး ထိမှန်ဒဏ်ရာ ရခဲ့သည်။

အလားတူ ဗန်းမော်မြို့နယ်ထဲတွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်။ စကခ−၂၁ အပါအဝင် နေရာ သုံးနေရာ ထက် မနည်း၌ ဩဂုတ်လ ၂၆ ရက်နေ့က တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့သည်ဟု မြေပြင် သတင်းအရင်းအမြစ်က ဆိုသည်။

ဗန်းမော်ခရိုင်ထဲက ရွှေကူမြို့နယ်တွင်လည်း စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ရာ တပတ်အတွင်း အရပ်သား ၃ ဦး သေဆုံးခဲ့သည်။

အဆိုပါ တိုက်ပွဲများ အပြင် မြို့တော် မြစ်ကြီးနားတွင်လည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးမှုများ ရှိနေသည်။

ဩဂုတ်လ ၂၄ ရက်နေ့၊ ညနေပိုင်းတွင် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ထဲ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သောကြောင့် ကလေးတစ်ဦး သေဆုံးပြီး အမျိုးသမီး ၂ ဦး ထိမှန်ဒဏ်ရာ ရခဲ့သည်။

April 11, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် QR စနစ်ဖြင့် စက်သုံးဆီရောင်းချမှု တစ်ပတ်နီးပါးကြာမြင့်လာပြီ...
April 10, 2026
အိန္ဒိယ - မြန်မာနယ်စပ် ခြံစည်းရိုးကာရံရေး လုံခြုံရေးယူနေသည့် အိန္ဒိယတပ်ဖွဲ့ဝင်များ...
April 9, 2026
အငြိမ်းစား ဗိုလ်ချုပ်ဟောင်းများ အများအပြား ပါဝင်သည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး အမည်စာရင်းကို...
April 8, 2026
မြစ်ဆုံစီမံကိန်း ပြန်စရန် စစ်ကော်မရှင် ကြိုးပမ်းမှုမှာ လူတစ်စု၏ အကျိုးစီးပွားအတွက် ဒေသခံများကို...