မန္တလေး-မြစ်ကြီးနားလမ်းပိုင်းမှာတိုက်ပွဲဖြစ်နေ

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းမှာတိုက်ပွဲဖြစ်နေ

စစ်ကောင်စီတပ်က အင်အားများစွာနဲ့ စစ်ကြောင်းထိုးနေတာကြောင့် မန္တလေး–မြစ်ကြီးနားလမ်းပိုင်းမှာ နှစ်ဖက် တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ကားသမားတွေဆီက သိရပါတယ်။

ကန့်ဘလူမြို့နယ် ဗျူဟာလမ်းပိုင်းမှာရှိတဲ့ကျေးရွာတွေကို စစ်ကောင်စီနဲ့ပျူစောထီးပူးပေါင်းတပ် အင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဗျူဟာလမ်းပိုင်းကို စစ်ကောင်စီက ထိန်းချုပ်ဖို့ ကြိုးစားလာတာ ဖြစ်နိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကသုံးသပ်ကြပါတယ်။

“စစ်ကောင်စီက ဗျူဟာလမ်းပိုင်းကိုထိန်းချုပ်ဖို့ကြိုးစားလာနေတာလို့ထင်တယ်။ အင်အား တော်တော် များများနဲ့ကို စစ်ကြောင်းထိုးနေတာ။ ကန့်ဘလူနယ်ထဲက ဗျူဟာလမ်းပိုင်းကိုပေါ့။ ပျူတွေနဲ့ စကစတွေပေါင်းပြီး ထိုးနေတာ” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကို ပြောပါတယ်။

ကန့်ဘလူမြို့နယ်နဲ့ ခင်ဦးမြို့နယ်အစပ် ဗျူဟာလမ်းကြောကို စစ်ကောင်စီအပါအဝင် တန့်ဆည်မြို့နယ် အရှေ့မြောက်ဘက် ပျူစောထီးတွေနဲ့ ကန့်ဘလူနယ်ထဲက ပျူစောထီးတွေ ပူးပေါင်းအင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေတာလို့ ကန့်ဘလူဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Infinity Group က ရေးသား ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီပူးပေါင်းတပ်ဟာအဲ့ဒီဗျူဟာလမ်းပိုင်းက ကန့်ဘလူမြို့နယ် စံပါယ်နံ့သာရွာကနေ ခင်ဦးနယ်စပ်ရေကြည်ဦးကျေးရွာအထိထိန်းချုပ်ထားတယ်လို့ အဲ့ဒီထုတ်ပြန်ချက်ထဲမှာတွေ့ရပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီရဲ့စစ်ကြောင်းတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ၊ NUG လက်အောက်ခံ ကာကွယ်ရေးတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး အရေးပေါ်အခြေနေ ဖြစ်နေတာကြောင့် မန္တလေး–မြစ်ကြီးနားဗျူဟာလမ်း၊ ကွင်းလမ်း အားလုံးပိတ်နေတယ်လို့ ကားသမားတစ်ဦးက ခုလိုပြောပါတယ်။

“တစ်ဖက်ကစစ်ကြောင်းတွေထိုးတယ်။ လမ်းမဖွင့်အောင်လုပ်တယ်။ အဲ့တာတွေကို ဒီဘက်ကအဖွဲ့တွေက ပိတ်လိုက်တယ်။ ကားတွေကလည်းဖုန်းအဆက်သွယ်ရလိုက်မရလိုက်နဲ့ ပိတ်မိနေတာပေါ့ဗျာ။ အဓိကကတော့ သူတို့အချင်းချင်းတင်းမာမှုပဲ” လို့ ပြောပါတယ်။

တစ်ဖက်မှာ တိုက်ပွဲအကြား စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ကားသမားနဲ့ ခရီးသွားတချို့ သေဆုံး ဒဏ်ရာရတာတွေလည်း ရှိနေပြီး ပြီးခဲ့တဲ့ ဩဂုတ်လ၂၃ ရက်နေ့ကဆိုရင် ကျီကျင်းကျေးရွာနားမှာ နှစ်ဖက် တိုက်ပွဲအကြား ကားသမား ၂ ဦး သေဆုံးခဲ့ရသေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အဆိုပါကျီကျင်းကျေးရွာအပါအဝင် ကန့်ဘလူမြို့နယ်ထဲကကျေးရွာ ၆ ရွာကို ဝင်ရောက်စီးနင်းမီးရှို့ခဲ့တာကြောင့်အရပ်သားနေအိမ် ၄၀၀ကျော်နဲ့ အရပ်သား ၉ ဦးအထိ သတ်ဖြတ်ခံခဲ့ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် မန္တလေး–မြစ်ကြီးနားဗျူဟာလမ်းအပြင် ပေကြီးရွာကွင်းလမ်းကိုအသုံးပြုတဲ့ခရီးသွားတွေအနေနဲ့ အချိန်မရွေးလမ်းကြောင်းပိတ်တဲ့အခြေနေကိုကြုံတွေ့နိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားကြပါတယ်။

June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...
June 10, 2026
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို...
June 9, 2026
ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတလျှောက်နဲ့ ရွှေကူမြို့နယ်တစ်ဝှိုက်မှာတော့ ဒီနေ့အထိ...
June 8, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လေယာဉ်လက်မှတ် လိမ်လည်ရောင်းချမှုတွေ များလာနေပြီး ခရီးသည်တချို့...