တရုတ်စီမံကိန်းကြီးများ တည်ရှိရာ ကျောက်ဖြူမြို့တိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်ဘက်က တပ်အင်အား ပြုန်းတီးမှုအလွန်များသဖြင့် အာရက္ခတပ်တော်( AA)အား ဆက်လက် ထိုးစစ် ဆင်နိုင်ခြင်းမရှိတော့ဘဲ တပ်နောက်ဆုတ်သွားခဲ့ရသည်ဟု ဒေသစစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။
“လက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ စစ်တပ်က အလောင်းတွေ ခုချိန်ထိ ဒီပြန့်ကြဲနေပါတယ်။ ကောက်မဲ့သူ မရှိဘူး။ လိပ်ခမော်ဘက်မှာ စစ်တပ်က ကျတာတော့ တော်တော်ကျသွားပါတယ်။ မြင်မကောင်းပါဘူး။ သတ်ကွင်းထဲမှာ ပိတ်ဆို့တိုက်ခိုက်ခံရတော့ ရာနဲ့ချီပြီးကျသွားပါတယ်”ဟု စစ်ရေး ရင်းမြစ်တစ်ခုက ပြောသည်။
၎င်းနောက် အကြမ်းဖက် မြန်မာစစ်တပ်သည် ထိုးစစ်ဆင်မှုကို ဆက်လက်မပြုလုပ်နိုင်တော့ဘဲ ပြုန်းတီး အင်အားအများအပြားဖြင့် နောက်ဆုတ်သွားခဲ့ရသည်ဟု သိရသည်။
လက်ရှိ ရရှိသော သတင်းများအရ အကြမ်းဖက်စစ်တပ်၏ မင်းတက်တောင်ကို ထိုးစစ်ဆင်နေသည့် စစ်ကြောင်းသည် ပြိုင်းစေ့ကေဖက်ကို ပြန်ဆုတ်ရသလို ပြင်ရှည်ဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းလည်း လိပ်ခမော်ဘက်သို့ ပြန်ဆုတ်သွားခဲ့ရသည်ဟု သိရသည်။
၎င်းပြင် သပြုတောင်စစ်ကြောင်းလည်း ကြတ္တိန်ဘက်သို့ အကျအဆုံးများစွာဖြင့် ပြန်ဆုတ် သွားခဲ့သည်ဟု ဆိုသည်။
နိရဉ္စရာက ရရှိသည့် ဒေသတွင်း သတင်းရင်းမြစ်များအရ လတ်တလောဖြစ်နေသည့် ကျောက်ဖြူတိုက်ပွဲအတွင်း မြန်မာစစ်တပ်ဘက်က အနည်းဆုံး အင်အား ၂၀၀ ခန့် ကျဆုံးသွားကြောင်း သိရသော်လည်း သီးသန့် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။
စစ်ကောင်စီတပ်သည် ထိုသို့ အကျအဆုံးများသဖြင့် ဆက်လက်ထိုးစစ် မဆင်နိုင်တော့ဘဲ နောက်သို့ ပြန်ဆုတ်ကာ စုဖွဲ့မှုများကို ပြန်လည် ပြုလုပ်နေရာတွင်လည်း AA ၏ စနိုက်ပါမိပြီး အရာရှိများသေဆုံးမှု ရှီနေသည်ဟုလည်း သိရသည်။
လက်ရှိ စစ်ရေး အခြေအနေများမှာ ငြိမ်သက်နေသော်လည်း မကြာခင် ပြန်လည်ပြီး တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားလာနိုင်သည်ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ရခိုင်ပြည် ကျောက်ဖြူမြို့တွင် အကြမ်းဖက်စစ်တပ်က အကျအဆုံးများနေသဖြင့် ကျောက်ဖြူတွင် တာဝန် ထမ်းဆောင်ရန် စေလွှတ်ခံရသည့် စစ်တပ်အရာရှိများ၊ ရဲအရာရှိများလည်း ထွက်ပြေးမှုများ ရှိနေသည်။
စစ်တပ်လော်ဘီတစ်ဦးဖြစ်သူ မောင်မောင်ဆိုသူ၏ ပို့စ်တွင်လည်း ပြစ်မှုရှိသဖြင့်ကျောက်ဖြူသို့ ပို့ဆောင်ခံရသည့် ရဲအရာရှိတစ်ဦးသည် ကျောက်ဖြူသို့ မသွားလိုဘဲ သူ့အပြစ်အတွက် ထောင် (၁၀) နှစ် ကျခံမည်ဟု ပြောဆိုကြောင်း၊ မည်သည့်အတွက်ကြောင့် အရာရှိများ ယခုလို ကျောက်ဖြူကို ကြောက်ရွံ့သွားခြင်းအပေါ် နားမလည်ကြောင်း ဖော်ပြထားသည်။
ယခုရခိုင်တွင် အကြမ်းဖက် မြန်မာလေတပ်က လူနေရပ်ကျေးရွာ၊ ရပ်ကွက်များကို ဗုံကြဲမှု များသည်လည်း ကျောက်ဖြူတွင် စစ်တပ်ဘက်က အကျအဆုံးများနေသဖြင့် လက်တုံ့ပြန်ခြင်း ဖြစ်သည်ဟု စစ်ရေးလေ့လာ အကဲခတ်သူ တစ်ချို့က ပြောသည်။
ကျောက်ဖြူတိုက်ပွဲ အာရက္ခတပ်တော်(AA)ကပြန်လည်ထိုးစစ်ဆင်လာနိုင်သည့် အနေအထားသို့ ရောက်ရှိလာသည်ဟု မြန်မာစစ်တပ်ထဲက CDM လုပ်လာသူ ဗိုလ်ကြီးဇင်ယော်ကလည်း သုံးသပ် ပြောဆိုထားသည်။
“ကျောက်ဖြူမှာဆိုရင်လည်း အေအေဖက်ကနေပြီးတော့ ထိုးစစ်ပြန်ဆင်လာတဲ့ အနေအထား။ အေအေကလည်း ကျောက်ဖြူမှာ တိုက်စစ်မြှင့်လာတဲ့အနေအထားရှိတော့ ကျောက်ဖြူတိုက်ပွဲ အဟုန် ကျသွားအောင်လို့ ကြဲလို့ရတဲ့ နေရာမှန်သမျှလိုက်ကြဲနေမယ့် အနေအထား။ ပြီးရင်လည်း ကျောက်ဖြူတိုက်ပွဲ ဝေဝါးသွားအောင် စစ်တွေဖက်ကနေပြီး ပုဏ္ဏားကျွန်းဖက်ကို လှည့်လာချင်တဲ့အနေအထားနဲ့ စစ်ရေးကစားဖို့ လုပ်ဆောင်လာတာလည်း တွေ့ရပါတယ် ခင်ဗျား”ဟု ပြောဆိုသည်။
အဆိုပါ စစ်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ် မေးမြန်းရာတွင်လည်း စစ်လော်ဘီတွေက လေထဲမှာ နိုင်နေပြီး မြေပြင်မှာ အခြေအနေမှာ သူတို့ ဝါဒဖြန့်သလို မဟုတ်ကြောင်း ပြောဆိုသည်။







