အင်းလေးတွင် စစ်သားစုဆောင်း

အင်းလေးတွင် စစ်သားစုဆောင်း

အင်းလေးတွင် ကျေးရွာအုပ်စုအလိုက် ၂ ဦးနှုန်းဖြင့် စစ်မှုထမ်း စုဆောင်းနေသည်ဟု ဒေသခံများက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ကျေးရွာများတွင် စစ်မှုထမ်း အပတ်စဉ် ၁၇ အတွက် လူသစ်များ စတင်စုဆောင်းနေပြီဟု ဒေသတွင်း နေထိုင်သူများက ပြောသည်။

ညောင်ရွှေမြို့ရှိ ထွေအုပ်နှင့် နီးစပ်သူ တစ်ဦးက “အင်းထဲမှာက NLD နိုင်တယ်ဆိုပေမယ့် ဘာမှမသိ နားမလည်တဲ့သူတွေ တော်တော်များများ ကျန်သေးတယ်။ သူတို့က စကစ ထောက်ခံတာလည်း မဟုတ်ဘူး။ ခေါ်ရင် သွားမယ်ဆိုတဲ့ လူတွေပေါ့။ တချို့ အုပ်ကြီးတွေကလည်း သူတို့ အမျိုးတွေကို မထည့်တာတွေနဲ့ လာဘ်စားတာတွေနဲ့ ဆိုတော့ ဒီလက ဖိအားပေးထားတာ” ဟု ပြောသည်။

အင်းလေးဒေသရှိ ကျေးရွာအုပ်စုပေါင်း ၃၄ စုအနက် တစ်အုပ်စုလျှင် ၂ ဦးနှုန်းဖြင့် ခေါ်ယူရန် အုပ်ချုပ်ရေးမှူးများအား ယခု ဩဂုတ်လ နောက်ဆုံးပတ်အတွင်း ဖိအားပေးထားခြင်း ဖြစ်သည်ဟု ဆိုကြသည်။

လတ်တလောတွင် ရာအိမ်မှူးများက ဖောင်ဖြည့်လျှင် စစ်မှုထမ်း မသွားရဟု ဆိုကာ စစ်မှူထမ်း စာရွက်များအား လူငယ်များကို လက်မှတ် ထိုးခိုင်းနေသည့်အပြင် စစ်အသုံးစရိတ်အဖြစ် ကျပ်တစ်သောင်းခွဲကိုလည်း ကောက်ခံ နေသည်ဟု ဆိုသည်။

ထို့အပြင် စစ်မှုထမ်း ခေါ်ယူမည့် လူငယ်များကိုလည်း ညောင်ရွှေမြို့၌ ကျန်းမာရေး စစ်ဆေးခြင်းမရှိဘဲ တိုက်ရိုက် ခေါ်ယူနေပြီး ၎င်းတို့ ကန့်သတ်ထားသည့် အိမ်ထောင်ရှိသူ၊ အသက်မပြည့်သူများလည်း ပါဝင်လျက်ရှိ သည်ဟု ဆိုသည်။

စစ်မှုထမ်း ခေါ်ယူဖူးသည့် သာလေးကျေးရွာအတွင်း နေထိုင်သူ အမျိုးသား တစ်ဦးက “အုပ်ကြီးကတော့ အရင်က ဆေးသမားတွေ ဖမ်းဖမ်းပို့တယ်။ သူတို့ဆို ဆေးမအောင်ဘူး။ ပါသွားတာပဲ။ ကျန်တဲ့လူတွေတော့ နားလည်မှုနဲ့ လုပ်ပေးတာ ဘာညာ ရှိတယ်။ အခုက သူလည်း ဖိအားပေးခံရပြီဆိုတော့ မလွယ်တော့ဘူး” ဟု ပြောသည်။

အင်းလေးဒေသတွင် ကျေးရွာအုပ်စု ၃၄ စု (တိုးချဲ့ထားသည့် မြို့အပါ)၊ ကျေးရွာပေါင်း ၄၄၆ ရွာတွင် စစ်မှုထမ်း မခေါ်ယူရသေးသည့် ကျေးရွာများအား ဦးစားပေးခေါ်ယူသွားရန် စစ်ကော်မရှင်က ပြင်ဆင်နေခြင်း ဖြစ်သည်။

စစ်ကောင်မရှင်က ထိန်းချုပ်ထားနိုင်သည့် ရှမ်းပြည်တောင်ပိုင်း၌ မိုးဗြဲမြို့မှအပ ကျန်သည့် ဒေသများတွင် စစ်ရေး အခြေအနေ ငြိမ်သက်လျက်ရှိပြီး အပတ်စဉ်တိုင်း လွယ်ကူစွာ စုဆောင်းလျက်ရှိသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

Photo credit - CJ

Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...
March 24, 2026
ရှမ်းပြည် မြောက်ပိုင်းတွင် နယ်မြေအငြင်းပွားမှုများကြောင့် တိုက်ပွဲများအထိ ဖြစ်ပွားခဲ့သည့်...
March 23, 2026
ရွေးကောက်ပွဲ ကာလအတွင်း စစ်ကော်မရှင်က နည်းပညာသုံး၍ သတင်းမီဒီယာများကို ဒစ်ဂျစ်တယ်အမှောင်ချပြီး...