လေပြင်းကြောင့် အင်းလေးကန်အတွင်းကျေးရွာ ၃ ရွာမှ နေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီး

လေပြင်းကြောင့် အင်းလေးကန်အတွင်းကျေးရွာ ၃ ရွာမှ နေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ (ဩဂုတ်လ ၂၆ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် အင်းလေကန်အတွင်း လေပြင်းတိုက်ခတ်မှု ကြောင့် ဟတ်ပုံး၊ ကန်ခေါင်းနှင့် မိုင်းပျိုးကျေးရွာတို့မှ ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များပျက်စီးခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။

“ပျက်စီးတာက ဟတ်ပုံးရွာက ၅၅ အိမ်၊ ကန်ခေါင်းရွာက ၆၅ အိမ် ရှိမယ်ဗျ။ မိုင်းပျိုးနဲ့ ပိတ်စီးတာမှာလည်း ထိခိုက်မှုတွေရှိပေမယ့် အိမ်အရေအတွက်ကိုမသိရသေးဘူး။ အမိုးတွေပြုတ်ပြီးလန်ထွက်သွားတာ၊ အိမ် ပြိုသွားတာတွေရှိပါတယ်။ ဒေသခံအချင်းချင်းပဲ ကူညီကယ်ဆယ်ရေး‌တွေလုပ်ဆောင်နေကြတာ”ဟု အင်း လေးလူထုလှုပ်ရှားမှုတာဝန်ရှိသူက ပြောသည်။

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အများစု ခေါင်မိုးများပြုတ်ထွက်ခြင်း၊ အမိုးလန်ပျက်စီးခြင်းအပြင် အိမ်အချို့ ပြိုလဲမှုများရှိခဲ့ကြောင်း သိရသည်။

“မိုးရွာနေတဲ့အချိန် ရုတ်တရက်ကြီး လေပြင်းပါ ထတိုက်တာ။ တချို့အိမ်တွေ ထိခိုက်တာက အခြေအနေ တော်တော် ဆိုးကြတယ်။ လူထိခိုက်တာတော့ မရှိဘူး” ဟု အင်းလေး ဒေသခံတဦးက ပြောသည်။

ငလျင်ဒဏ်ကို ပြန်လည်ထူထောင်ရေး ကြိုးစားနေသည့် အင်းလေးဒေသသည် ယခု ဩဂုတ်လဆန်းပိုင်းမှ စ၍ ကန်ရေမြင့်တက်မှုကိုကြုံခဲ့ရပြီး ယခုလေပြင်းဘေးပါ ထပ်မံကြုံရခြင်း ဖြစ်သည်။

ထိုအခြေအနေများကြောင့် ဒေသခံများသည် နေထိုင်မှုနှင့် စားရေးသောက်ရေးတွင် အခက်အခဲများ ကြုံနေရကြောင်း သိရသည်။

“အခုအခြေအနေက တချို့နှစ်ထပ်အိမ်တွေဆို ရေတက်လို့ အောက်ထပ်မြုပ်ကုန်ပြီ။ အပေါ်ထပ်တက်နေ ကြအချိန် အခု လေပြင်းဒဏ်ကြောင့် အမိုးတွေပျက်စီးကုန်တဲ့အိမ်တွေကတော့ နီးစပ်ရာမှာစုနေကြရ တယ်။ ငလျင်လည်းထိထားတော့ တချို့တွေဆို ပြုပြင်နေဆဲအိမ်တွေလည်းရှိတယ်လေ။ အခု ရေ‌ကတက် လေပြင်းကတိုက်ဆိုတော့ နေထိုင်စရာအခက်ခဲတော့ ရှိတာပေါ့” ဟု အင်းလေးလူထုလှုပ်ရှားမှု တာဝန်ရှိ သူက ပြောသည်။

ယနေ့တွင်လည်း အင်းလေးဒေသ၌ မိုးရွာသွန်းနေပြီး ကန်ရေမျက်နှာပြင် ဆက်လက်မြင့်တက်နေဆဲဖြစ် ကြောင်း ဒေသခံများက ပြောသည်။

အလားတူ အင်းလေးကန်အတွင်းသို့ ရေစီးဝင်ရာ တောင်ပေါ်ဒေသများဖြစ်သည့် ကလော၊ အောင်ပန်းနှင့် တောင်ကြီးမြို့နယ်များတွင် မိုးရွာသွန်းမှုများရှိနေသည့်အတွက် ရေထပ်တိုးလာမည်ကို ဒေသခံများက စိုး ရိမ်နေကြသည်။

တိုင်ဖွန်း KAJIKI ၏ အကြွင်အကျန်များကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် မိုးများနိုင် ပြီး မြောက်ပိုင်း၌ နေရာကွက်မိုးသည်းထန်နိုင်သော်လည်း မိုးများနိုင်ခြေမရှိကြောင်း မိုးလေဝသပညာ လေ့လာသူ ဦးဝင်းနိုင်က ပြောဆိုထားသည်။

အင်းလေးဒေသ၌ သဘာ၀ဘေးမျိုးစုံကြုံနေရချိန်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဆင့်ခေါ်မှုကို ဆက် လက်လုပ်ဆောင်နေသည့်အပြင် ဘုရားပွဲကျင်းပရန် အိမ်များအားဆေးသုတ်ရန် ပြည်သူများကို ဖိအားပေး လုပ်ဆောင်ခိုင်းမှုများရှိနေကြောင်း အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ထံမှ သိရသည်။

 photo credit - ELL Phyoe

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...