စစ်ကော်မရှင် တပ်နှင့် ဆက်စပ်သည်ဆိုသော ဆီအုန်းခြံမှ ဝန်ထမ်းခြောက်ဦး ဖမ်းဆီးခံရ

စစ်ကော်မရှင် တပ်နှင့် ဆက်စပ်သည်ဆိုသော ဆီအုန်းခြံမှ ဝန်ထမ်းခြောက်ဦး ဖမ်းဆီးခံရ
Photo - CJ
Photo - CJ

စစ်ကော်မရှင်တပ်နှင့် ဆက်စပ်မှု ရှိနေသည်ဟုဆိုကာ ဦးပိုင်ကုမ္ပဏီပိုင် ဆီအုန်းခြံမှ ဝန်ထမ်း ခြောက်ဦးနှင့် မိသားစုဝင်တစ်ဦးတို့ ဖမ်းဆီးခံလိုက်ရသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စု ဂန့်ဂေါ်တောင်ကျေးရွာတွင် ရှိသည့် ဦးပိုင်ကုမ္ပဏီပိုင် ဆီအုန်းခြံမှ ဝန်ထမ်း ခြောက်ဦးနှင့် မိသားစုဝင်တစ်ဦးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ဖမ်းဆီး ခေါ်ဆောင် သွားသည်ဟု ရွာသားများက ပြောသည်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ရှိသူက “ဖမ်းဆီးထားတဲ့ ဝန်ထမ်းတွေက စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ဆက်စပ်နေတာမျိုး ရှိတယ်လို့ ဆိုတာကြောင့် မေးမြန်းစစ်ဆေးနေတာပါ။

ပြီးရင်တော့ ပြန်လွှတ်ပေးသွားမှာပါ။ မဆိုင်တဲ့ ရွာသားတွေကိုတော့ ပြန်လွှတ်ပေးလိုက်ပြီးပါပြီ” ဟု ပြောသည်။

သြဂုတ်လ၂၃ ရက်နေ့ နံနက်ပိုင်းက ဂန့်ဂေါ်တောင်ကျေးရွာရှိ ဆီအုန်းခြံနှင့် ဘူတာရုံအနီးမှ နာရေးအိမ် တစ်အိမ်တွင် အခြားရွာသား အယောက် ၂၀ ကျော်နှင့်အတူ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ထိုနေ့ ညပိုင်းတွင်ပင် ရွာသား ၂၀ကျော်ကို ပြန်လွှတ်ခဲ့သော်လည်း ဆီအုန်းခြံ ဝန်ထမ်း ခြောက်ဦးနှင့် မိသားစုဝင် တစ်ဦးတို့ကိုမူ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ထိန်းသိမ်း စစ်ဆေးနေသည်ဟု ဂန့်ဂေါ်တောင် ရွာသားတစ်ဦးက ဆိုသည်။

ဆီအုန်းခြံသည် ကလိန်အောင် - ကံပေါက် လမ်းပိုင်းတွင် တည်ရှိကာ ဆီအုန်းခြံအပြင် ဆီအုန်းကြမ်း စက်ရုံလည်းရှိပြီး ဝန်ထမ်းအများစုသည် စစ်ကော်မရှင်တပ်၏ စစ်မှုထမ်းဟောင်းများ ဖြစ်ကြသည်။

ဆီအုန်းခြံဝန်ထမ်းများ ဖမ်းဆီးခံရပြီးသည့်နောက် စစ်ကော်မရှင်တပ်ဖွဲ့မှ ကံပေါက် - ကလိန်အောင် လမ်းပိုင်းတွင် စစ်ကြောင်းထိုးကာ တောနင်းရှာဖွေနေသည်ဟု ရွာသားအချို့က ဆိုသည်။

ကလိန်အောင် - ကံပေါက် လမ်းပိုင်းတွင် စစ်ရေးလှုပ်ရှားမှု လုပ်နေစဥ် ရွာသားများ ကြားညှပ်နိုင်သဖြင့် ဆီအုန်းဝန်ထမ်းများကို ခေတ္တခေါ်ယူကာ ထိန်းသိမ်းခဲ့ခြင်းသာ ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

စစ်ကြောင်းထိုးနေသည့် အခြေအနေကြောင့် ကံပေါက် ဆီအုန်းခြံနှင့် ဘူတာရုံအနီး နေထိုင်သည့် ရွာသားများ နေအိမ်တွင် မနေရဲဘဲ ယာယီပြောင်းရွှေ့နေထိုင် နေကြရသည်ဟု ဆိုသည်။

ကံပေါက် ဆီအုန်းခြံအနီးရှိ ဖားချောင်းကျေးရွာအုပ်စုထဲမှ ရွာသားများမှာလည်း စစ်ကော်မရှင်တပ်မှ စစ်ကြောင်း ထိုးလာမည်ကို စိုးရိမ်၍ ဘေးလွှတ်ရာသို့ တိမ်းရှောင်နေကြကြောင်း ရွာသားများက ဆိုသည်။

ဓါတ်ပုံ - ရွှေကူစစ်ရှောင်များ
June 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်းသို့ စစ်မျက်နှာခွဲ၍ ထိုးစစ်ဆင်လာသည့် စစ်တပ် စစ်ကြောင်းသည် ကျေးရွာ...
June 16, 2026
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ‘NCA Plus’ ဟုခေါ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သစ်...
wikipedia (စစ်တွေမြို့ ဗျူးပွိုင့် )
June 15, 2026
ရခိုင်ပြည်၏ မြို့တော် စစ်တွေမြို့နှင့် လေးမိုင်ခန့်သာ ကွာဝေးသော မင်းဘူး-အမ်း-စစ်တွေ...
June 13, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ အနောက်တောင်ဘက်အစွန်ဆုံးရှိ မိုင်းတုံမြို့နယ်တွင် စစ်တပ်၊ တရုတ်နှင့်...