အကြမ်းဖက်စစ်တပ် မိုင်းခွဲဖျက်ဆီးထားသည့် စစ်တွေမြို့အဝင် မင်းချောင်းတံတားကို သူတို့ကိုယ်တိုင် ပြန်လည်ပြုပြင်ပြီး အခိုင်အမာခံစစ်ပြင်ဆင်နေ

အကြမ်းဖက်စစ်တပ် မိုင်းခွဲဖျက်ဆီးထားသည့် စစ်တွေမြို့အဝင် မင်းချောင်းတံတားကို သူတို့ကိုယ်တိုင် ပြန်လည်ပြုပြင်ပြီး အခိုင်အမာခံစစ်ပြင်ဆင်နေ

ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော်(AA)က ဝင်တိုက်မည်ကို အလွန်စိုးရိမ်၍ အကြမ်းဖက်စစ်တပ်က မိုင်းခွဲဖျက်ဆီးထားသည့် စစ်တွေမြို့အဝင် မင်းချောင်းတံတားကို ယခုအခါ သူတို့ကိုယ်တိုင် ပြန်လည်ပြုပြင်ပြီး အခိုင်အမာခံစစ်ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

စစ်တွေမြို့အဝင် မင်းချောင်းတံတား(ခေါ်) အမြင့်ကျွန်းတံတားရှိ မိုင်းခွဲဖျက်ဆီးခံထားရသည့် နေရာများအား အကြမ်းဖက်စစ်တပ်က ဩဂုတ်လပထမပတ်မှစ၍ စစ်အင်ဂျင်နီယာ(GE)တပ်မှ စစ်သားများက ပြုပြင်နေခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

“မိုင်းခွဲခံရလို့ ပျက်စီးသွားတဲ့ မင်းချောင်းတံတားက အပေါက်တွေ၊ အပျက်တွေကို ပြန်ပြီး ပြင်နေတယ်။ GE တပ်က စစ်သားတွေကိုယ်တိုင်ပြင်တာ” ဟု ပြောသည်။

အကြမ်းဖက်စစ်တပ်က AA သိမ်းပိုက်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်မှ မြို့နယ် ၁၄ ခု အပါအဝင် မြို့နယ်ပေါင်း ၆ဝ ကျော်ကို ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာအပြီး အဆိုပါ မင်းချောင်းတံတားအား ပြန်လည်ပြုပြင်နေခြင်းဖြစ်သည်။

ယခုကဲ့သို့ပြုပြင်ရခြင်းမှာ AA ထိုးစစ်ကိုအလွန်စိုးရိမ်၍ အဆိုပါတံတားမှတဆင့် တင့်ကား၊ အတွဲလိုက် ဒုံးတင်သည့်ကားများကို သယ်ယူပြီး AA အား ထိုးစစ်ဆင်နိုင်ရန်အတွက် ပြုလုပ်နေခြင်းဖြစ်နိုင်သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

“တင့်ကား၊ အတွဲလိုက်ဒုံးတင်တဲ့ကားတွေယူဖို့ တဖြည်းဖြည်း နေရာချဲ့ထွင်ပြီး ထိုးစစ်ဆင်ဖို့ဖြစ်နိုင်တယ်။ တံတားခြေရင်း၊ တံတားထိပ်တွေမှာ အခိုင်အမာတပ်စွဲထားတယ်။ ဘန်ကာတွေကိုလည်း အရင်ကထက် ပိုလုပ်တယ်။ ခံစစ်ကို အခိုင်အမာပြင်ဆင်နေတယ်” ဟု ပြောသည်။

အဆိုပါတံတားသည် စစ်တွေ - ရန်ကုန်ကားလမ်းမပေါ်ရှိ အမြင့်ကျွန်းကျေးရွာအနီး မင်းချောင်းအား ဖြတ်ထိုးထားသည့် သံကူကွန်ကရစ်အမျိုးအစားတံတားဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်တွင် အကြမ်းဖက်စစ်တပ်က အဆိုပါတံတားအား မိုင်းခွဲ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါတံတားတည်ရှိသည့်လမ်းသည် စစ်တွေမှတဆင့် AA သိမ်းပိုက်ထားသည့် ပုဏ္ဏားကျွန်းဘက်သို့ ကုန်းလမ်းအတိုင်း ဆက်သွယ်သွားလာနိုင်သည့် တစ်ခုတည်းသော ကားလမ်းမ ဖြစ်သည်။

စစ်ရေးသတင်းရင်းမြစ်က “အမြင့်ကျွန်းရွာဖက်ကထိပ်မှာ အခိုင်အမာပြင်နေတာ။ အမြင့်ကျွန်းတံတားထိပ်ဖက် ကွမ်းတောင်ဖက်ကို မကြာမကြာ လက်နက်နဲ့ပစ်တာရှိတယ်။ AA ဝင်လာမှာစိုးလို့” ဟု ပြောသည်။

စစ်တွေမြို့ကို AA က မကြာမီ ဝင်တိုက်မည့်သတင်းများကြောင့် စစ်တပ်အသိုင်းအဝိုင်းကြားတွင် စိုးရိမ်မှုများ တိုးပွားနေသည်ဟုလည်း စစ်တွေစစ်ရေးအခြေအနေကို အနီးကပ်စောင့်ကြည့်နေသူ စစ်ရေး အကဲခတ်တစ်ဦးက ပြောသည်။

ယင်းကြောင့် အကြမ်းဖက်စစ်တပ်က စစ်တွေတွင် ခံစစ်ပြင်ဆင်နေပြီး ကာကင်းတိုင်းတွင် ဒရုန်းများထားရှိကာ ကင်းထောက်မှုများကို နေ့ညမပြတ်လုပ်ဆောင်နေသည်ဟု သိရသည်။

အကြမ်းဖက်စစ်တပ် တပ်စွဲထားသည့် တပ်စခန်းများ၏ အနီးအနားရှိကျေးရွာများကိုလည်း ဒရုန်းများဖြင့် ဗုံးကြဲချမှုများရှိနေသလို လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်မှုများကိုလည်းပြုလုပ်နေသည်ဟု ဆိုသည်။

စစ်တွေတွင် စစ်ကောင်စီ၏ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ)၊ ခလရ ၂၀၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ခမရ ၃၄၄၊ ခမရ ၃၅၄ ၊ စစ်အင်ဂျင်နီယာတပ်အပါအဝင် အမြောက်တပ်နှင့် ရဲတပ်ရင်း ၁၀ ခုထက် မနည်းရှိနေသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...