ကျောက်ဖြူတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နောက်တန်းတပ်ရင်းများကပါ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ကူနေရ

ကျောက်ဖြူတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နောက်တန်းတပ်ရင်းများကပါ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ကူနေရ

တရုတ်စီမံကိန်းကြီးများ တည်ရှိသည့် ကျောက်ဖြူတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေပြီး ယမန်နေ့က ကျောက်ဖြူမြို့ရှိ နောက်တန်း တပ်ရင်းများကပါ လက်နက်ကြီးများဖြင့် ပစ်ကူမှုကို အဆက်မပြတ် ပြုလုပ်ခဲ့ရသည်ဟု စစ်မြေပြင် သတင်းရင်းမြစ်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“တိုက်ပွဲက အရမ်းပြင်းတယ်။ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်တာ မနေ့ညနေထိ ပစ်တယ်။ ခါတိုင်း ဒီလို မပစ်ဘူး။ လက်ရှိ အခုဖြစ်နေတဲ့ တိုက်ပွဲရဲ့ ထူးခြားချက်က နောက်တန်း တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ အသည်းအသန် ပစ်ခတ်နေမှုပါဘဲ” ဟု ၎င်းက ပြောသည်။

အာရက္ခတပ်တော်အား ကျောက်ဖြူ အခြေစိုက် ခလရ (၃၄)၊ ခမရ (၅၄၂) နှင့် ဓည၀တီရေတပ်ဌာနချုပ်မှ လက်နက်ကြီးများ၊ ဟောင်ဝစ်ဇာဆာအမြောက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ပြီး ဝေဟင်မှလည်း လေယာဉ်များအပါအဝင် စက်တပ်လေထီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ကာ ပင်လယ်ပြင်ရှိ နေဗီများကလည်း လက်နက်ကြီးများဖြင့် တိုက်ပွဲအတွင်းသို့ အဆက်မပြတ် ပစ်ကူပေးနေသည်ဟု ဆိုသည်။

“တိုက်ပွဲက ပြင်းတယ်။ စစ်တပ်က ဘက်ပေါင်းစုံက ဒီလောက် ပြင်းပြင်ထန်ထန် အေအေကလည်း နောက်မဆုတ်ဘူး။ ကြံ့ကြံ့ခံ ပြန်တိုက်တယ်။ စစ်တပ်က လူအင်အားထပ်ဖြည့်တယ်။ တိုက်တယ်။ ဒါပေမယ့် ရှေ့မတိုးနိုင်ဘူး”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

တိုက်ပွဲများသည်လိပ်ခမော်ပတ်ဝန်း၊ပြင်ရှည်ပတ်၀န်းကျင်၊နှမ်းဖဲတောင်၊မင်းတက်တောင်ကြားပတ်၀န်းကျင်၊သပြုတောင်ပတ်၀န်းကျင်နှင့်စည်မော်ဖက်တို့တွင် နှစ်ဖက်ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည်ဟုဆိုသည်။

“သူထိုး ကိုယ်ထိုးဖြစ်နေပါတယ်။ အေအေကတော့ ဒီတိုက်ပွဲမှာ အင်အားအများကြီး အသုံးပြုတာမျိုးတော့ မတွေ့ရဘူး။ စစ်တပ်က အင်အားထောင်နဲ့ချီ သုံးပေမယ့် အေအေက လူနည်းနည်းနဲ့ တိုက်နေတာ။ တိုက်ပွဲက နေရာပြန့်ပြီး သုံး၊ လေးနေရာ ဖြစ်နေတာ”  ဟု ပြောသည်။

သစ်ပုတ်တောင် ဓည၀တီရေတပ်နှင့် ခလရ (၃၄) က ပစ်ခတ်သည့် အတွဲလိုက် ဒုံးကျည်များကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ဆူညံသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေ၍ သောင်းနှင့်ချီရှိသည့် ဒေသခံကျေးရွာသားများကိုလည်း ယခုရက်ပိုင်း ဘေးလွှတ်ရာနေရာများသို့ ရွှေ့ပြောင်းထားရသည်ဟု သိရသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...