ခေါင်လန်ဖူးမှာ ဆန်တစ်အိတ် ကျပ် ၅ သိန်းဝန်းကျင်အထိစျေးတက်

ခေါင်လန်ဖူးမှာ ဆန်တစ်အိတ် ကျပ် ၅ သိန်းဝန်းကျင်အထိစျေးတက်

ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ဘက်ကို ကုန်ကားတွေသွားလာလို့မရသေးတာကြောင့် ဆန်တစ်အိတ်ကိုကျပ် ၅ သိန်းဝန်းကျင်အထိစျေးတက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ပထမ အပတ်ကတည်းကနေ ပူတာအို-ခေါင်လန်ဖူး ကားလမ်းပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် လမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပြီး ဒီကနေ့အထိ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးတဲ့အတွက် ကုန်ကားအဝင် ရပ်တန့်‌နေတာလို့ ခေါင်လန်းဖူးမြို့ခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

“ဆန်ကပြတ်နေတာတော့ မဟုတ်ဘူး။ ဝင်တော့ ဝင်တယ်။ ဒါပေမယ့် ကားနဲ့ မဟုတ်ဘူး။ ဆိုင်ကယ်နဲ့ တစ်ဆင့် ပြန်သယ်ရတာ။ ရီဒမ်ကနေ ဆိုင်ကယ်နဲ့ ပြန်သယ်ရတော့ တန်ဆာခတွေ ကယ်ရီခတွေ နှစ်ဆင့် သုံးဆင့် ဖြစ်တယ်လေ။ အဲ့ကြောင့် အခုက တစ်အိတ်ကို ၅ သိန်းဝန်းကျင်ရှိတယ်။ ကုန်ကားမှ မဝင်တော့ပဲ” လို့ အသက် ၃၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားက ပြောပါတယ်။

ကားလမ်းမပျက်မီ ခေါင်လန်ဖူးမှာ ဆန်တအိတ် အမြင့်ဆုံးစျေး ကျပ် ၃၀၀၀၀၀ (သုံးသိန်း)အထိသာ ရှိပြီး ကားလမ်းပျက်ပြီးနောက်မှာတော့ တန်ဆာခတွေ မြင့်တက်နေတာကြောင့် ဆန်တအိတ် စျေး ကျပ် ၄၀၀၀၀၀ (လေးသိန်း) ကနေ ကျပ် ၅၀၀၀၀၀ (ငါးသိန်း)အထိ ဆန်အမျိုးအစားပေါ်မူတည်ပြီး စျေးတက်နေတယ်လို့ သိရပါတယ်။

ပူတာအိုကနေ ရီဒမ်းဂိတ်အထိ ကားတင်ခ ဆန်တအိတ်ကျပ် ၈၀၀၀၀ (ရှစ်သောင်း) ရီဒမ်းဂိတ်ကနေ ခေါင်လန်ဖူးမြို့အထိ ဆိုင်ကယ်တင်ခ ဆန်တအိတ် ကျပ် ၆၅၀၀၀ ( ခြောက်သောင်းခွဲ)အထိ ရှိတယ်လို့ သိရပါတယ်။

“ဆန်ကအိတ်ပြည့်ဆိုရင်ကယ်ရီခက တစ်အိတ်ကို ခြောက်သောင်းခွဲ ဆိုင်ကယ်တစ်စီးက တစ်ခေါက်ကို အများဆုံး သုံးအိတ်ကတော့ တင်လာကြတယ်” လို့ ခေါင်လန်းဖူးဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ခေါင်လန်ဖူးဘက် ကုန်ကားအဝင်တွေ ရပ်တန့်နေတာကြောင့် ဆန်စျေးတွေ အဆမတန်မြင့်တက်နေသလို တစ်ခြား အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ စားသုံးဆီ၊ ဆား၊ ကြက်သွန်နီ/ဖြူ စျေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေပြီး တစ်ချို့စားသောက်ကုန်တွေလည်း အဝင်မရှိပဲ ပြတ်တောက်နေတယ်လို့ သိရပါတယ်။

ခေါင်လန်ဖူး–ပူတာအိုကကားလမ်းပိုင်းရှိ ရီဒမ်းဂိတ်နဲ့ ခေါင်လန်းဖူးကြားမှာ ဒီနှစ် မတ်လမှာတစ်ကြိမ် လမ်းပိုင်းမြေပြိုမှုဖြစ်ခဲ့ပြီး ဒေသခံတွေ ပြန်လည်ပြုပြင်ခဲ့ပေမယ့် ယင်းနေရာမှာ ထပ်ပြိုခဲ့တာကြောင့် မိုးရာသီကုန်မှသာ ပြုပြင်နိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလမ်းပိုင်းဟာ ခေါင်လန်ဖူးဒေသအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာလမ်းကြောင်းလည်း ဖြစ်ပါတယ်။

ပူတာအို – ခေါင်လန်းဖူး ကားလမ်းပိုင်းဟာမြေသားလမ်းဖြစ်တာကြောင့် ပုံမှန်အချိန်တွေမှာလည်း ခက်ခက်ခဲခဲ သွားလာနေရတဲ့လမ်းပိုင်း ဖြစ်ပါတယ်။

ခေါင်လန်းဖူးနဲ့အလားတူ နောင်မွန်မြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ ဇွန်လပိုင်းက မိုးရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက် တံတားကြီး ၅ စင်းနဲ့ လမ်းပိုင်းအများအပြား ပျက်စီးခဲ့ပြီး တချို့နေရာတွေမှာ ဒီကနေ့အထိ အသွားအလာ ပြတ်တောက်နေဆဲလို့ သိရပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...