ဆီဆိုင်တွင် မီးရှို့ဖျက်ဆီးခံရသော နေအိမ် ၁၀၀ ကျော်သွားပြီ

ဆီဆိုင်တွင် မီးရှို့ဖျက်ဆီးခံရသော နေအိမ် ၁၀၀ ကျော်သွားပြီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO) တို့၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ပျက်စီးသွားသည့် နေအိမ်အရေအတွက် ၁၀၀ ကျော်အထိ ရှိသွားပြီ ဖြစ်သည်။

ဆီဆိုင်မြို့နယ်ထဲက တပူးထို၊ နောင်ဘို၊ နောင်ထော် ကျေးရွာတို့က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည် ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ၏ ပြောခွင့်ရ ဗိုလ်မှူးကြီးခွန်ရိန်းယံက ပြောသည်။

“ဒီ တပူးထိုတွေ၊ နောင်ဘိုတွေ၊ နောင်ထော် ကျေးရွာတွေ အားလုံး စုပေါင်းရင်တော့ မီးရှို့ခံရတဲ့ နေအိမ်က စာရင်း အတိအကျ ပြုစုလို့ မရသေးဘူးဆိုပေမယ့် နေအိမ်ကတော့ ၁၀၀ တော်တော် ကျော်လာပြီလို့ ပြောလို့ ရပါတယ်။ ခန့်မှန်းခြေကတော့ မီးရှို့ခံရတဲ့ အိမ်တွေက ၁၀၀ ကျော်နေပြီ ဖြစ်ပါတယ်။”

ဩဂုတ်လ ၆ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင်လာသော ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO နှင့် စစ်ကော်မရှင်တပ် သည် အဆိုပါ ကျေးရွာများ အတွင်းသို့ ဝင်ရောက် မီးရှို့ချိန်တွင် ပြည်သူလူထု၏ နေအိမ်များ အတွင်းမှ တန်ဖိုးရှိ ပစ္စည်းများကိုလည်း ကားများဖြင့် သယ်သွားကြသည်ဟု ဆိုသည်။

ထိုသို့ အဖိုးတန်ပစ္စည်းများကို သယ်ပြီးသွားမှသာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး ခွန်ရိန်းယံက ပြောသည်။

“ကျေးရွာထဲမှာ တိုက်ပွဲဖြစ်ပွားမှု မရှိဘဲနဲ့ သူတို့ပဲ ဝင်ရှို့လာတာပေါ့လေ။ အဓိကကတော့ ပြည်သူလူထုတွေရဲ့ ပစ္စည်းတွေကို သူတို့ ယူတယ်။ ကားတွေနဲ့ အခေါက်ခေါက်အခါ သယ်တယ်။ ပြီးတော့မှ အိမ်ကိုမီးရှို့တယ်ဆိုတဲ့ ပုံစံမျိုးကို တွေ့နေရတယ်။”

တပူးထိုကျေးရွာမှာ ယခင်ကလည်း သုံး-လေးကြိမ် ထက်မက မီးရှို့ခံထားရခြင်း ဖြစ်ပြီး၊ စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းတပ်တို့က ယခုလထဲတွင်လည်း နေ့စဉ် တစ်အိမ်ပြီး တစ်အိမ် ဆက်တိုက် မီးရှို့နေခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် PNO နှင့် စစ်ကော်မရှင်တပ်တို့၏ လုပ်ရပ်များကြောင့် ဒေသခံပြည်သူ ၂,၀၀၀ ကျော် မှာ နေရပ်မှ စွန့်ခွာထွက်ပြေးနေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ အရေးပေါ်လိုအပ်ကြဟု အကူအညီ ပေးနေ သူများက ပြောသည်။

ဩဂုတ်လ ၆ ရက်နေ့မှ စတင်ကာ အင်အား ၁,၀၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းတပ်တို့သည် နောင်ထောဝ်ကျေးရွာရှိ ကယန်းပိုင်းရပ်ကွက်နှင့် နောင် ထောဝ်ကုလားလမ်း ကျေးရွာတို့မှ နေအိမ် ၂၄ လုံးထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးခံခဲ့သေးသည်။

ထို့အပြင် စလောင်းထောင်ကျေးရွာမှ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ပစ်သတ်သွားခဲ့သည်ဟု PNLA က သြဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဓါတ်ပုံ - (ပေးပို့ / Crd)
August 21, 2026
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ကို စစ်အုပ်စုတပ်က...
August 21, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် စစ်ကျန် ဗုံးသီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ...
August 20, 2026
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အလည်အပတ် နိုင်ငံကူးလက်မှတ် (PV)...
(ဓာတ်ပုံ - ပေးပို့ / Crd)
August 20, 2026
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က...