မော်ချီးဒေသ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရပြီး ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရ

မော်ချီးဒေသ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရပြီး ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရ

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို ဒီကနေ့ သြဂုတ်လ ၂၀ ရက်နေ့ မနက် ၆နာရီခွဲဝန်းကျင်မှာ စစ်ကော်မရှင်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လေယာဥ်ကတော့ Y-12 လေယာဥ်နဲ့ ကြဲတယ်ပေါ့နော။ ပထမ တစ်ခေါက်မှာ သုံးလုံးချတယ်။ ပြီးတော့ ဒုတိယတစ်ခေါက်ပေါ့နော။ ဒုတိယတစ်ခေါက်ပတ်တဲ့အချိန် မှာ နှစ်လုံး ထပ်ကြဲတယ်။ ငါးယောက် ထိခိုက်ဒဏ်ရာရတယ်။ ထိခိုက်ဒဏ်ရာရတဲ့ထဲမှာလည်း ပြင်းထန်တာရှိတယ်။ ယောကျာ်း မိန်းကလေးကိုတော့ အတည်မပြုနိုင်သေးဘူးနော်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မော်ချီးက လိုခါးလိုကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မော်ချီးဒေသအတွင်းမှာ နေထိုင်တဲ့ ဒေသခံတွေနဲ့ ခဲသတ္တု တူးဖော်ရေး လုပ်သားတချို့ကတော့ တိမ်းရှောင်နေကြပြီဖြစ်တယ်လို့လည်း သိရှိရပါတယ်။

ယမန်နေ့ ညနေပိုင်းနဲ့ ညပိုင်းမှာ မော်ချီးဒေသအတွင်း ကင်းထောက်လေယာဉ် လာရောက် ထောက်လှမ်းခဲ့ပြီး ဒီကနေ့ မနက်စောပိုင်းမှာတော့ ဗုံးကြဲခဲ့တာပါ။

“မနေ့ညနေပိုင်းနဲ့ ညပိုင်းမှာတော့ ကင်းထောက်လေယာဉ်လာတယ်။ ပတ်တယ်။ ဝဲတယ်။ ဒါမယ့် မကြဲဘူး။ ဒီက လူတွေတော့ ဘယ်လိုပြောရမလဲ အမြဲကြောက်လန့်နေရတာပဲပေါ့။ မလုံခြုံကြတော့ပါဘူး။” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

မော်ချီးဒေသကို စစ်ကော်မရှင်တပ်က သုံးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် သုံးရက်အတွင်း သေဆုံးသူတွေထဲ ကလေးငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုအပါအဝင် ၃၂ ဦးနဲ့ ဒဏ်ရာရသူ ၁၃ ဦးအထိ ရှိနေပါတယ်။

၂၀၂၅ခုနှစ်အတွင်း မော်ချီးဒေသကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာ ၁၅ ကြိမ်ထိ ရှိနေပြီဖြစ်ပါတယ်။ ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေတဲ့ စစ်ကော်မရှင်တပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုအပေါ် ထိရောက်စွာ အရေးယူနိုင်ဖို့ ကရင်နီပြည်ကြားကာလအစိုးရ (IEC) က ကုလသမဂ္ဂ နဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရတွေကို တိုက်တွန်းထားပါတယ်။

Photo - CJ

May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...