အမေရိကန်အစိုးရမှ နိုင်ငံတကာအကူအညီများကို ဆိုင်းငံ့ထားခြင်းကြောင့် မြန်မာအမျိုးသမီး မီဒီယာသမားများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် မီဒီယာအဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့များ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် မူဝါဒချမှတ်သူများအနေဖြင့် လိုအပ်သော တုံ့ပြန်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း မြန်မာ့မီဒီယာအမျိုးသမီးအဖွဲ့ (MWiM)က ထောက်ပြပြောဆိုသည်။
ပြည်တွင်း၊ ပြည်ပနှင့် အွန်လိုင်းမီဒီယာများတွင် လုပ်ကိုင်နေသည့် အမျိုးသမီးနှင့် အမျိုးသား မီဒီယာသမားများထံမှ စစ်တမ်းကောက်ယူထားသော MWiM ၏ “နောက်ချန်ထားခံရသူများ” ဟု အမည်ရှိ အစီရင်ခံစာတွင် ထိုသို့ ထောက်ပြပြောဆိုထားခြင်းဖြစ်သည်။
အာဏာမသိမ်းခင်ကတည်းက အမျိုးသမီး ဦးဆောင်သူနည်းသည့် မြန်မာ့မီဒီယာအသိုင်းအဝိုင်းသည် ရန်ပုံငွေလျှော့ချ၊ ဆိုင်းငံ့ခံရမှုအတွင်း အမျိုးသမီးမီဒီယာသမား ၂၇ ရာခိုင်နှုန်းက အလုပ်ပြုတ်ခြင်း၊ ၅၇ ရာခိုင်နှုန်းမှာ ဝင်ငွေကျဆင်းခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းတို့ကို တွေ့ကြုံခဲ့ရသည်ဟု အဆိုပါအစီရင်ခံစာက ဆိုသည်။
၎င်းအပြင် အဖွဲ့၏သုတေသနအရ မြန်မာ့မီဒီယာအတွင်း အဓိကတာဝန်ရှိသူအများစုက အမျိုးသားများဖြစ်၍ ဆိုင်းငံ့ခံ၊ အလုပ်နားခံရသည့် အမျိုးသမီးရာခိုင်နှုန်းက အများဆုံးဖြစ်သည်။ ဖော်ဝါဒကြီးစိုးသည့် အချို့မီဒီယာတို့၏ စံနှုန်းများကြောင့်လည်း အမျိုးသမီးမီဒီယာသမားများ၏ အလုပ်ကိုင်အခွင့်အလမ်း ထိခိုက်ကြောင်း ဖော်ပြသည်။
ထို့ကြောင့် မီဒီယာအဖွဲ့အစည်းများအနေဖြင့် ကျား၊ မ ခွဲခြားမှု၊ အကြမ်းဖက်မှုပပျောက်ရေး မူဝါဒ ထားကျင့် သုံးရန်၊ ဝန်ထမ်းနှင့် လစာလျော့ချရာတွင် မှီခိုသူမိသားစုရှိ၊ မရှိ ထည့်တွက်ရန်၊ နိုင်ငံရေးအခြေအနေအရ နေထိုင်မှုအခက်အခဲကို ထည့်သွင်းစဉ်းစားရန်နှင့် အမြဲတမ်းဝန်ထမ်းနှင့် အချိန်ပိုင်း၊ အလွတ်တန်းဝန်ထမ်းများကို တန်းတူအခွင့်အရေးပေးရန်ဖြစ်ကြောင်း MWiM က တိုက်တွန်းထားသည်။
အစီရင်ခံစာအရ ရန်ပုံငွေဖြတ်တောက်ခံရမှုနောက်ကွယ် ဝင်ငွေနှင့် အလုပ်မတည်မြဲမှုကြောင့် စိတ်ဖိစီးမှုအား အချိန်ပိုင်းနှင့် အလွတ်တန်းအမျိုးသမီးမီဒီယာသမားများတွင် ပိုမိုခံစားကြရပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လျက်ရှိသည်။
ယင်းကြောင့် အလှူရှင်နှင့် အစိုးရမဟုတ်သည့်အဖွဲ့များအနေဖြင့် စိတ်ကျန်းမာရေးကုစားမှုအပြင် မီဒီယာ ရေရှည်တိုးတက်ရေး စွမ်းဆောင်ရည် မြှင့်တင်ရန် ထောက်ပံ့ငွေများ ပံ့ပိုးပြီး အာဏာသိမ်းကာလအတွင်း မြန်မာ့မီဒီယာများအတွက် ဆက်လက်ထောက်ပံ့နေရန် လိုအပ်သည်ဟု MWiM က ဆိုသည်။
တိုင်းရင်းသားမီဒီယာတစ်ခုတွင် လုပ်ကိုင်နေသည့် အမျိုးသမီးရုံးဝန်ထမ်းက “တချို့ မီဒီယာအဖွဲ့တွေဆိုရင် ပရောဂျက်အောက်မှာ ဝန်ထမ်းခေါ်တာရှိတယ်လေ။ ရန်ပုံငွေမရတော့တဲ့အခါကတော့ အဲဒီဝန်ထမ်းတွေ အလုပ်ပေးနားလိုက်ရတယ်။ ကျမတို့ဆီမှာတော့ နောက်ပရောဂျက်တစ်ခု မရသေးတဲ့ကာလမှာ ဌာနရဲ့ ငွေနဲ့ ဝန်ထမ်းလစာပေးပြီး နည်းလမ်းရှာရတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အတူ အမျိုးသမီးလိင်စိတ်ခံယူမှုကွဲပြားသူ မီဒီယာသမားများအတွက် မူဝါဒရေးဆွဲသူများအနေဖြင့် ခွဲခြားဆက်ဆံရမှု၊ လိင်ပိုင်းဆိုင်ရာ ထိပါးမှု၊ အာဏာအလွဲသုံးစားမှုမှ ကာကွယ်ရန် မူဝါဒရေးဆွဲကျင့်သုံးသင့်သလို တိုင်ကြားရေးလမ်းကြောင်း ထားရှိရမည်ဖြစ်ကြောင်းလည်း MWiM က ထောက်ပြသွားသည်။
မီဒီယာတွင် ကျား၊ မ တန်းတူညီမျှမှုကို မြှင့်တင်ခြင်းဖြင့် ဦးဆောင်သူနေရာများ၌ အမျိုးသမီးမီဒီယာသမားများကို တန်းတူအခွင့်အရေးပေးရမည်ဖြစ်သလို အရေးပေါ်အခြေအနေတွင် လွတ်လပ်သောမီဒီယာကို ပံ့ပိုးမည့် ပတ်ဝန်းကျင် ဖန်တီးပေးသင့်သည်ဟု မူဝါဒချမှတ်သူများကို တိုက်တွန်းထားသည်။
သတင်းမီဒီယာလွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရသည့် မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်အုပ်စုကြောင့် အကျဉ်းထောင်များတွင် ထောင်ဒဏ်ချမှတ်ခံထားရသည့် သတင်းသမား ၄၀ ဦးရှိသည်။ ယင်းတွင် အမျိုး သမီးမီဒီယာသမား ၇ ဦး ပါဝင်ကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ – IPCM က ဖော်ပြသည်။
မြန်မာအမျိုးသမီးမီဒီယာသမားများ လုပ်ငန်းခွင်အတွင်း တန်းတူညီမျှခွင့်၊ လွတ်လပ်ခွင့်နှင့် အခွင့်အလမ်းများကို မြှင့်တင်ရန်၊ စိန်ခေါ်မှုများ ဖြေရှင်းရန် ရည်ရွယ်ဖွဲ့စည်းထားသည့် MWiM အနေဖြင့် ယခုအစီရင်ခံစာအား အရေအတွက်အားဖြင့် စစ်တမ်းကောက်ယူခြင်း၊ တစ်ဦးချင်းမေးမြန်းခြင်း၊ သတင်းပေးသူကို မေးမြန်းခြင်း စသည့် သုတေသနနည်းနာ သုံးသွယ်ဖြင့် ပြုစုခဲ့သည်ဟု သိရသည်။







