ရခိုင်ပြည်၊ တောင်ကုတ်နှင့် ပဲခူးတိုင်း၊ ပန်းတောင်းအစပ် ရခိုင်ရိုးလမ်းရှိ ညောင်ကျိုးစခန်းသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်၏ နောက်ထပ်စစ်ကြောင်းတစ်ခုဖြစ်သည့် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းတစ်ခု ထပ်မံ ချေမှုန်းခံရပြီး ကာကင်းစခန်းကုန်းတစ်ခုကိုလည်း အာရက္ခတပ်တော်(AA) ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့ဝင်များ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
တောင်ကုတ်-ပန်းတောင်း ရိုးလမ်းရှိ AA သိမ်းပိုက်ထားသည့် ညောင်ကျိုးစခန်းသို့ဦးတည်ပြီးတက်လာသော စစ်ကောင်စီ၏စစ်ကြောင်းများအနက် နောက်ထပ် အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းတစ်ခုသည် ဩဂုတ် ၁၃ ရက်နေ့ ညဉ့်အချိန်တွင် ချေမှုန်းခံရပြီး အဆိုပါ စစ်ကြောင်းကို စစ်ကူပေးသည့် ကာကင်းကုန်းတစ်ခုကို AA ဦးဆောင်ပြီး သိမ်းပိုက်နိုင်ခဲ့သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"တိုက်ပွဲက အခုတလော ပြင်းတယ်။ ညောင်ကျိုးနဲ့ ညောင်ခြေထောက်ကြားမှာ AA သိမ်းထားတဲ့နေရာ တစ်ခုရှိသေးတယ်။ အဲဒီနေရာကို ထိုးစစ်တက်လာတဲ့စစ်ကြောင်း။ နေ့ရော၊ ညပါ ဖြစ်တယ်။ မနေ့က ညဉ့်အချိန်လောက်မှာ စစ်ကောင်စီရဲ့ နောက်ထပ်စစ်ကြောင်းတစ်ခု ချေမှုန်းခံလိုက်ရတယ်။ အဲဒါအပြင် သူတို့ကို စစ်ကူပေးတဲ့ တောင်ကုန်းပေါ်ကကာကင်းကုန်းကိုလည်း AA ဦးဆောင်လို့ တက်သိမ်းပစ်လိုက်တယ်" ဟု ပြောသည်။
စစ်ကောင်စီ၏ စစ်ကြောင်းများအကျအဆုံးများ၍ ရုပ်အလောင်းများ ပြန့်ကျဲနေပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု AA နှင့် နီးစပ်သူသတင်းရင်းမြစ်က နိရဉ္စရာကို ပြောသည်။
"သူတို့က အကျအဆုံးများပေမယ့် ထိုးစစ်ကမရပ်ဘူး။ ညဉ့်အချိန်ပါ ထိုးတယ်စစ်ကြောင်းက။ အလောင်းတွေကတော့ ပုံနေတယ်။ လက်ရှိတော့ အလောင်းတွေရော၊ လက်နက်ခဲယမ်းတွေရော သိမ်းထားတယ်" ဟု ပြောသည်။
ဩဂုတ် ၁၁ ရက်နေ့ကလည်း တောင်ကုတ်-ပန်းတောင်း ရိုးလမ်းရှိ AA သိမ်းပိုက်ထားသည့် ညောင်ကျိုးစခန်းသို့ ဦးတည်ပြီးတက်လာသော စစ်ကောင်စီ၏စစ်ကြောင်းများအနက် အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်း တစ်ကြောင်းသည် ချေမှုန်းတိုက်ခိုက်ခြင်းကိုခံရပြီး စစ်ကြောင်းပြိုသွားသည်ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
တိုက်ပွဲမှာ ရိုးပေါ်ရှိ ညောင်ကျိုးစခန်းနှင့် ဥသျှစ်ပင်မြို့နယ်၊ ညောင်ခြေထောက်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၆) ကြားရှိနေရာများတွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ စစ်ကြောင်းတချို့မှာ ရိုးပေါ်ရှိ တောင်ကုန်းနေရာအချို့တွင် ယာယီအခြေချနေထိုင်ပြီး AA ထိန်းချုပ်နယ်မြေသို့ စစ်ကြောင်းထိုးတက်လာသဖြင့် ဩဂုတ်လအစပိုင်းမှစတင်ကာ ယခုထိ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။
လက်ရှိ ဩဂုတ် ၁၄ ရက်နေ့အထိ တိုက်ပွဲပြင်းနေပြီး စစ်ကောင်စီမှ လေကြောင်းမှ ပါရာမိုတာ စက်တပ် လေထီးဖြင့် တိုက်ပွဲဖြစ်နေသည့် အနီးအနားဝန်းကျင်များကို ပစ်ကူပေးနေကြောင်း သိရသည်။







