မောင်တော‌တောင်ပိုင်းတွင်အာဆာအကြမ်းဖက်အဖွဲ့က ပစ်ခတ်၍ ငါးသွားရှာသည့် ရခိုင် ဒေသခံတစ်ဦး သေ‌ဆုံးပြီး၊ တစ်ဦးဒဏ်ရာပြင်းထန်ရ

မောင်တော‌တောင်ပိုင်းတွင်အာဆာအကြမ်းဖက်အဖွဲ့က ပစ်ခတ်၍ ငါးသွားရှာသည့် ရခိုင် ဒေသခံတစ်ဦး သေ‌ဆုံးပြီး၊ တစ်ဦးဒဏ်ရာပြင်းထန်ရ

ရခိုင်ပြည်၊ မောင်တောမြို့နယ်တောင်ပိုင်းတွင် ညအချိန် ငါးရှာနေသည့် ရခိုင်ဒေသခံနှစ်ဦးအား အာဆာ(ARSA) အကြမ်းဖက်သမားများက ပစ်ခတ်၍ တစ်ဦးပွဲချင်းပြီးသေဆုံးကာ တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း သတင်းရရှိသည်။

ယနေ့ ဩဂုတ် ၁၁ ရက်နေ့ (အာရုဏ်မတက်မီ) ညအချိန် ၃ နာရီကျော် ၄ နာရီခန့်တွင် ခရေမြိုင်ကျေးရွာ၏ အနောက်ဖက်တွင် ရှိသည့်ချောင်းတွင် ငါးသွားဖမ်းကြစဉ် ချောင်းတစ်ဖက်ကမ်းရှိ နရူလာမွတ်ဆလင်ကျေးရွာအနီးတွင် အာဆာအကြမ်းဖက်သမားများ၏ ပစ်ခတ်ခြင်းကို ခံခဲ့ကြရခြင်း ဖြစ်သည်ဟု မောင်တော‌မြို့နယ်(ULA/AA)နှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။

“ချောင်းမှာ ငါးသွားဖမ်းကြတာပါ။ ဒေသခံတွေက အဲ့ဒီချောင်းမှာ ငါးဖမ်းလေ့ရှိတယ်။ အဲ့ဒီမှာ ARSA လက်နက်ကိုင်တွေက သေနတ်နဲ့ လှမ်းပစ်သွားတာ။ တစ်ယောက်က ပွဲချင်းပြီး။ နောက်တစ်ဦးက ဒဏ်ရာပြင်းတယ်” ဟု ပြောသည်။

ဒဏ်ရာပြင်းထန်သူကို (ULA/AA)မှ ဆေးဖက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူများက ဆေးကုသမှုပေးနေသည်ဟု လူမူကူညီရေးလုပ်သူ ဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

“ဒဏ်ရာပြင်းတဲ့တစ်ယောက်ကိုတော့ ဆေးကုသမှုပေးနေတယ်။ လက်ရှိတော့ သူတို့ ဘယ်ရွာကလဲဆိုတာ သတိမရသေးလို့ မသိသေးဘူး” ဟု ပြောသည်။

ခရေမြိုင်ကျေးရွာ၏ အနောက်ဖက်တွင်ရှိသည့် ချောင်းတစ်ဖက်ကမ်းရှိ နရူလာမွတ်ဆလင်ကျေးရွာရှိပြီး ယင်းကျေးရွာအနီးတွင် ယခင်က (ARSA)အကြမ်းဖက်စခန်းရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလ ၂၇ ရက် နေ့ကလည်း မောင်တောမြို့နယ် တောင်ပိုင်း ခရေမြိုင်ကျေးရွာ၏ အနောက်ဖက်တွင် ရှိသည့်ချောင်းတွင် ငါးသွားဖမ်းသည့် ခရေမြိုင်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးမှာ ချောင်းတစ်ဖက်ကမ်းရှိ နရူလာမွတ်ဆလင်ကျေးရွာအနီးရှိ နရူလာ မွတ်ဆလင်စခန်းမှ အဖွဲ့ဝင် ၇ ဦးခန့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့၍  သေဆုံးခဲ့ရကြောင်း သိရသည်။

၂၀၂၅ မတ်လ ၂၉ ရက်၊ နေ့လယ် ၂ နာရီကျော်က တောင်ပြို-မီးတိုက်ကျေးရွာသွားလမ်းမကြီးအနီးတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင် ငါးဦးကို အင်အား ၆ဝ ခန့်ပါ ARSA အကြမ်းဖက်အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့သည့်အတွက် AA ဖက်မှ တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဩဂုတ် ၁၂ ရက်၊ နံနက်ကလည်း မောင်တောမြို့နယ်တောင်ပိုင်းဥဒေါင်း-ညောင်ချောင်း တောင်ကျော်လမ်းရှိ ရင်ကွဲတောင်စခန်းမှ ရိက္ခာသွားဝယ်သည့် AA တပ်ဖွဲ့ဝင်နှစ်ဦးကို ARSA အဖွဲ့ကခြုံခို တိုက်ခိုက်ခံရမှုကြောင့် ကျဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

၂၀၂၄ ခုနှစ်အတွင်းကလည်း၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် အရပ်သားကားတစ်စီးကို အာဆာ (ARSA) အဖွဲ့က ခြုံခိုပစ်ခတ်မှုကြောင့် ဒေသခံ ၅ ဦးသေဆုံးပြီး၊ ၂ ဦး ပြင်းထန်ဒဏ်ရာရှိသွားကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှသိရသည်။

မောင်တောမြို့နယ်တစ်ခုလုံးကို AA က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ARSA၊ RSO နှင့် ARA စသည့် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...