ကချင်ပြည်နယ် ရွှေကူမြို့နယ်ရောက် စစ်သင်္ဘောအားလုံး ဒီကနေ့ ဩဂုတ်လ ၁ ရက်နေ့မနက်ပိုင်းမှာပဲ ဗန်းမော်မြို့ကိုဦးတည်ဆန်တက်နေတယ်လို့ မြစ်ကြောင်းတစ်လျှောက် စစ်ရေးအခြေနေ စောင့်ကြည့်နေသူတွေနဲ့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်သင်္ဘောတွေဆန်တက်နိုင်ဖို့ လေကြောင်းကနေလည်း အမျိုးမျိုးသော ရဟတ်ယာဉ်တွေနဲ့ မြစ်ကမ်းဘေးတစ်လျှောက်ကို ပစ်ကူပေးနေပြီး စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေဘက်ကလည်းခုခံနေတဲ့အတွက် နှစ်ဖက်တပ်အကြား အပြန်အလှန် ပစ်ခတ်မှုတွေ ပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးက “စစ်သင်္ဘောတွေကဒီမနက်အားလုံးတက်ကြတယ်တဲ့။ အဲ့မှာ မြစ်ကျဉ်းတစ်ဝိုက်ပစ်ကြခတ်ကြတော့ တစ်စီးကတော့ မီးလောင်တယ်လို့ ပြောတယ်။ တစ်စီးကတော့ ပျက်ဆီးသွားပြီး အလုပ်လုပ်လို့မရတော့လို့ အဲ့တာတွေကို ပြန်တွဲခေါ်ပြီးတော့မှ တက်နေတယ်လို့ ပြန်ကြားရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မြေပြင်စစ်ကြောင်းအနေနဲ့ မြစ်ကမ်းဘေးတစ်လျှောက် အသင့်နေရာယူထားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း တစ်ပြိုင်နက် စစ်ရေးလှုပ်ရှားတာတွေ ရှိတယ်လို့ သိရပါတယ်။
မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း နှစ်သုတ်ခွဲပြီးတက်လာခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေထဲက ၁၂ စီးဟာရွှေကူမြို့ကိုပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ ညပိုင်းကပဲ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ရွှေကူမြို့ကိုစစ်သင်္ဘောတွေရောက်ရှိပြီးတဲ့နောက် ဇူလိုင် ၂၇၊ ၂၉၊ ၃၁ ရက်နေ့တွေမှာလည်း အထက်ဘက်ကို ဆက်လက်ဆန်တက်ဖို့ ကြိုးစားခဲ့သေးတယ်လို့ သိရပါတယ်။
နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက “ဒီနေ့ကတော့တိုက်ပွဲပေါ့လေ။ ဂျက်ဖိုက်တာတွေရော အစုံပဲ တိုက်ခိုက်နေတာ အစုံပဲ။ စစ်သင်္ဘောတွေက မြစ်ကျဉ်းထဲမှာပဲ ရှိသေးတယ်။ ရွှေကူက သင်္ဘောတွေ အကုန်တက်တာ။ စစ်ကားကြည့်နေရသလိုပဲဗျာ” လို့ ပြောပါတယ်။
အဆိုပါစစ်သင်္ဘောတွေ ဆန်တက်လာချိန်တစ်လျှောက်မှာတော့ မြစ်ကြောင်းရှင်းလင်းရေးအနေနဲ့ မြစ်ကမ်းဘေးတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။
မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ စစ်သင်္ဘောတွေ စတင်ထွက်ခွာလာတဲ့ ဇူလိုင်လ ၁၇ ရက်နေ့လေကြောင်း တိုက်ခိုက်မှုကြောင့် ဝက်လက်မြို့နယ်ကျေးရွာ ၂ ရွာက ဒေသခံ ၂၂ ဦး သေဆုံးခဲ့ရပြီး၊ ဇူလိုင်လ ၂၆ ရက်နေ့က ကသာမြို့၊ ရွှေကူမြို့တွေ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သား၂ ဦးအထိ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း စစ်ရေးပြင်းထန်လာတာနဲ့အမျှ ကုန်ကြောင်း၊ လေကြောင်းတင်မက ရေကြောင်းကနေပါ စစ်ရေးအတွက် အသုံးပြုလာတာဖြစ်ပြီး နှစ်စဉ် ဧရာဝတီမြစ်ကြောင်း အတိုင်းစစ်သင်္ဘောတွေ ဆန်တက်လေ့ရှိတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကလည်း ဧရာဝတီမြစ်ကိုအသုံးပြုကာ အထက်ဘက် တကောင်း၊ ထီးချိုင့်၊ ကသာ၊ ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်မြို့တွေအထိ စစ်လက်နက်နဲ့ ရိက္ခာတွေ ဖြည့်တင်းနိုင်ခဲ့ပါတယ်။
ကချင်ပြည်နယ်အတွက် အရေးပါတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း ဗန်းမော်မြို့ကို ကာကွယ်ဖို့ စစ်လက်နက်နဲ့ ရိက္ခာတွေကို ရတဲ့နည်းနဲ့ သယ်ယူပို့ဆောင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။







