ကျောက်ဖြူ စစ်မြေပြင်အတွက်အရေးပါသည့် ရမ်းဗြဲကမ်းခြေကို စစ်ကောင်စီ ထိုးစစ်ဆင်ရန် ပြင်ဆင်သည့် အရိပ်အယောင်များ မြင်နေရဟုဆို

ကျောက်ဖြူ စစ်မြေပြင်အတွက်အရေးပါသည့် ရမ်းဗြဲကမ်းခြေကို စစ်ကောင်စီ ထိုးစစ်ဆင်ရန် ပြင်ဆင်သည့် အရိပ်အယောင်များ မြင်နေရဟုဆို

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် စစ်မြေပြင်အတွက် အရေးပါသည့် ရမ်းဗြဲကမ်းခြေကို စစ်ကောင်စီ ပြန်လည် ထိုးစစ်ဆင်ရန် လှုပ်ရှားနေသည့်အရိပ်လက္ခဏာများမြင်တွေ့နေရကြောင်းဒေသတွင်းသတင်းရင်းမြစ်များအရ သိရသည်။  

ရမ်းဗြဲမြို့နယ်အတွင်းမှ ကျောက်နီမော်၊လေးတောင်တိုက်နယ်ဖက်တွင် ယခုဇူလိုင် နောက်ဆုံးပတ်မှစ၍ အင်အားအပြည့်တင်ထားသည့် စစ်ကောင်စီ၏ နေဗီများ ယခင်ကထက် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ပြီး ကင်းထောက်ဒရုန်းများဖြင့် စောင့်ကြည့်နေသည်ဟု ရမ်းဗြဲမြေပြင် ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

“ကျောက်နီမော်ကမ်း၊ လေးတောင်တိုက်နယ်ကမ်း၊ ကျောက်ဖြူဇင်ချောင်းကမ်း အဲ့ဒီဖက်မှာ နေဗီတွေ လှုပ်ရှားတယ်။ အင်အားအပြည့်ပါတယ်။ ကြုံရင်ကြုံသလို ထိုးစစ်လုပ်နိုင်တဲ့သဘော ရှိတယ်။ ကင်းထောက်ဒရုန်းတွေလည်း လွှတ်ထားတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ရေကြောင်းလမ်းကိုအသုံးပြု၍ ရမ်းဗြဲမြို့နယ်အပိုင်နေရာများတွင် ပိုမိုလှုပ်ရှားနေခြင်းမှာ ကျောက်ဖြူမြို့ကို လက်မလွတ်စေရေးအတွက် ပင်လယ်ပတ်လမ်းကမ်းများမှတဆင့် AA ကို ထိုးစစ်ဆင်ရန် ပြင်ဆင်ပုံ ဖြစ်နိုင်သည်ဟု ခန့်မှန်းမိကြောင်း ရခိုင်စစ်ရေးလေ့လာစောင့်ကြည့်သူ အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက နိရဉ္စရာ ကို သုံးသပ်ပြောဆိုထားသည်။

“ကျောက်ဖြူဟာ ရမ်းဗြဲကျွန်းရဲ့အစွယ်ဖြစ်တယ်။ စစ်ကောင်စီဟာ သူတို့ထိုးစစ်ဆင် ဖို့ဆိုရင် မြို့နားတွေမှာ AA ရှိနေတာကို သူတို့ သိပြီးသား။ ဒါ‌ကြောင့် AA ရဲ့ နောက်က နေရာတွေ ပင်လယ်ကမ်းခြေနားက ပတ်ပြီး ဝင်နိုင်တယ်။ သူတို့ဝင်ပေါက်က တောင်မော်ဦး ရေတပ်က တဖက်ရှိတယ်။ အဲ့ဒီဖက်က ထိုးစစ်ပြီးတော့ ကျောက်ဖြူမြို့ထဲ လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကနေထိုးစစ်၊ နေဗီကနေ AA ရဲ့နောက်ကျောနေရာတွေက လူတင်ပြီး ထိုးစစ်လုပ်မှာ။ အဲ့ဒါတွေက AA ကို ကြားညှပ်လုပ်ချင်တဲ့သဘောလို့ ယူဆရပါတယ်” ဟု ပြောသည်။

သို့သော်လည်း AA အား ပြန်လည်ထိုးစစ်ဆင်ရန်မှာ စစ်ကောင်စီဖက်မှ မြေပြင်က လူအင်အားတစ်ခုတည်းဖြင့် အောင်မြင်နိုင်မည်မဟုတ်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“တကယ်တမ်း သူတို့ စလုပ်ပြီဆိုရင် လေကြောင်း၊ ရေကြောင်း အရင်လို အကူညီနဲ့ တိုက်ခိုက်နိုင်တယ်။ ဒါပေမယ့် အေအေဘက်ကကလည်း ဒါတွေကို သိမှာပါ။ တိုက်ရည် ခိုက်ရည်နဲ့ မြေပြင် မကျွမ်းရင် ရမ်းဗြဲကမ်းကို တင်ရင်လည်းအပိုဘဲ။ AA ရဲ့တိုက်ခိုက်မှုကို ခံနိုင်မှာမဟုတ်ဘူး။ သူတို့ အဓိက လုပ်နိုင်တာဆိုလို့ လေကြောင်းတခုပဲ ရှိတယ်။ ပြီးရင် ‌ဒရုန်းတွေပေါ့” ဟု ပြောသည်။

ယခုလအတွင်း စစ်တွေ-ကျောက်ဖြူ-မာန်အောင်-သံတွဲ ပင်လယ်ပြင်တွင် ရှိသည့် စစ်ကောင်စီ နေဗီမှ ရေကြောင်းလှုပ်ရှားမှု ပိုမိုပြုလုပ်လာကြောင်း သိရသည်။

စစ်ကောင်စီ၏ နေဗီများမှာ သံတွဲ ပင်လယ်ပြင်၊ မာန်အောင်ပင်လယ်ပြင်၊ ကျောက်ဖြူပင်လယ်ပြင်၊ စစ်တွေပင်လယ်ပြင်တွင်သာမက ဒေသခံများနှင့် အနီးဆုံးဖြစ်သည့် ရေလက်ကြားများတွင်လည်း ကျောက်ချရပ်နားထားကာ လက်နက်ဖြင့် ပစ်ခတ်၍ ငါးဖမ်းထွက်သည့် ဒေသခံစက်လှေများကိုပါ ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်အတွင်း ရခိုင်ကမ်းရိုးတန်းအနီးမှ မြို့များကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီကလျှို့ဝှက်စီစဉ် နေသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် မြို့များအထဲမှ ပင်လယ်ကမ်းရိုးတန်းနှင့် နီးသည့် မြို့များကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကူအင်အားများကို ရေကြောင်းမှတဆင့် လျှို့ဝှက် ဖြည့်တင်းနေသည်ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီသည်စစ်ဖက်ဆိုင်ရာ  လေကြောင်းအပါအဝင် တရုတ်နှင့် ရုရှားထုတ် ဒရုန်းများကို တိုက်ပွဲများတွင် ပိုမိုတွင်ကျယ်စွာ အသုံးပြုလာပြီး ပြည်သူ့စစ်များအပါအဝင် စစ်ကောင်စီတပ်သားအင်အားများ အလုံးအရင်းဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထိန်းချုပ်နိုင်သည့် မြို့များ၊ စခန်းများကို ပြန်လည်ထိန်းချုပ်လာနိုင်သကဲ့သို့ ရခိုင်ပြည်မှ လက်လွှတ်လိုက်ရသည့် နေရာများကိုလည်း စစ်ကောင်စီမှ ပြန်လည်ရယူနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...