ကလိန်အောင်အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်နေမှုကြောင့် ဒေသခံများ တိမ်းရှောင်နေကြရ

ကလိန်အောင်အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်နေမှုကြောင့် ဒေသခံများ တိမ်းရှောင်နေကြရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း-၂၈၂ မှ အနီးတစ်ဝိုက်ရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ဒေသခံတို့က ကြောက်လန့်ပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

အဆိုပါ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှု၊ လူထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လာသည့်အတွက် ကော့လှိုင်၊ မရမ်းချောင်းစသည့် ဒေသခံရာနှင့်ချီတို့က ကျေးရွာအတွင်း မနေထိုင်ရဲကြဘဲ တိမ်းရှောင်နေကြရသည်ဟု ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“သူတို့(တပ်ရင်း-၂၈၂) ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိလာတယ်လေ။ အဲဒါကြောင့် ကြောက်လန့်ပြီးတော့ ရွာကနေ ထွက်ပြေးပြီးတော့ စစ်ရှောင်သလို ဖြစ်လာကြတယ်။ ကော့လှိုင်ရွာကိုလည်း ရွာထဲမှာ မနေကြနဲ့ဆိုပြီး သူတို့ နှင်းထုတ်တာ ရှိတယ်။ အဲတာကြောင့် ရွာကနေ ပြေးရတဲ့လူတွေ ပိုများလာတာ ဖြစ်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့က ကော့လှိုင်ကျေးရွာဘက်ကို စစ်ကောင်စီ၏ ခလရ-၂၈၂ မှ လက်နက်ကြီး (၇) လုံးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး တစ်လုံးက ကော့လှိုင်ကျေးရွာအနီး ဥယျာဉ်ခြံအတွင်းရှိ နေအိမ်တစ်လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးအပါအဝင် မိသားစုဝင် (၄) ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

ဇူလိုင်လ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေပြုလှုပ်ရှားခဲ့သည့် နေရာဖြစ်သည့် ခလရ-၂၈၂ တပ်ရင်း ဧရိယာအတွင်း အမည်မသိအမျိုးသားတစ်ဦး သတ်ဖြတ်ခံရသည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။

“အဲဒီဒေသက တိုက်ပွဲတော့ မဖြစ်ဘူး။ လက်နက်ကြီးတွေနဲ့ ခဏခဏ ပစ်ခတ်နေလို့ သူတို့ကြောက်လန့်ပြီး ပြေးလာရတာ။ ကော့လှိုင်နဲ့ မရမ်းချောင်းကလူတွေတော့ ပြေးရတာ များတယ်။ တစ်ချို့က ရာဖူးရွာဘက်ကို ပြေးလာပြီး ရှောင်နေကြတယ်။ တစ်ချို့ကလည်း ရေးမြို့ဘက်ကို တက်သွားကြတယ်” ဟု သာယာမွန်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်က ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်လာမှု၊ စစ်ကြောင်းထိုးစဉ် အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှု၊ လေကြောင်း၊ ရေကြောင်းမှတဆင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးမှုများ ဆက်လက်ဖြစ်ပွားနေသည်ဟု စစ်ရှောင်များကို အကူအညီပေးနေ သည့် FE5Tanintharyi အဖွဲ့က ဇူလိုင်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။

FE5 Tanintharyi အဖွဲ့မှ ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်များတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသည့် လူဦးရေ လေးသောင်းကျော်ရှိနေပြီ ဖြစ်သည်။

August 5, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်တစ်ကြောတွင် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများမှာ နယ်စပ်...
Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...
August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...
August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...