မိုးဗြဲတွင် ပြန်နေရန် မသင့်သေးကြောင်း တော်လှန်ရေး တပ်များက ပြော

မိုးဗြဲတွင် ပြန်နေရန် မသင့်သေးကြောင်း တော်လှန်ရေး တပ်များက ပြော

စစ်ကောင်စီ ထိုးစစ်များကြောင့် မိုးဗြဲမြို့တွင် ပြန်နေထိုင်ရန် မသင့်တော်သေးဟု တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ရှမ်း-ကရင်နီအစပ်၊ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းက မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ရာနှုန်းပြည့် ထိန်းချုပ်လိုက်ပြီးနောက် ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်ရှိ ကျေးရွာ များထဲသို့ ဆက်လက် ထိုးစစ်ဆင်နေသည်ဟု မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

ယခု ဇူလိုင်လနှောင်းပိုင်း အတွင်း ပင်လောင်း - ဖယ်ခုံ - မိုးဗြဲ - လွိုင်ကော် လမ်းမကြီးအတိုင်း စစ်ကောင်စီတပ် က ထိုးစစ်ဆင်နေပြီး လွိုင်ကော်မြို့နယ်၊ ဘုရားနီ၊ မှုံပြာ စသည့်ကျေးရွာများနှင့် ဖယ်ခုံအရှေ့ဘက်ကမ်းရှိ ကျေးရွာများတွင် လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု ဆိုသည်။

မိုးဗြဲမြို့အနီး စစ်ရေးလှုပ်ရှားနေသည့် မြေပြင်တပ်ဖွဲ့ဝင် တစ်ဦးက “မြို့က စကစ လုံးဝထိန်းချုပ်လိုက်ပြီ။ အခု က အဲဒီမြို့ကနေ တခြားမြို့တွေကိုပါ ထိုးနေတာဗျာ့။ အန္တရာယ်လုံးဝ ကင်းတယ်ဆိုတဲ့ နယ်မြေတော့ မရှိပါ ဘူး။ တိုက်ပွဲနဲ့ နည်းနည်းအလှမ်းဝေးတဲ့ ဘက်ကိုပဲ ရှောင်ပြေးရတာပေါ့။ အခုတော့ လုံးဝနေလို့ အဆင် မပြေ သေးပါဘူး” ဟု ပြောသည်။

လက်ရှိ မိုးဗြဲမြို့ ဒေသခံများမှာ လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းရှိ ကျေးရွာများနှင့် ရှားတောမြို့နယ်ထဲရှိ ကျေးရွာ များသို့ တိမ်းရှောင်နေကြရပြီး အဆိုပါ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် သောက်သုံးရေများ အကူ အညီ လိုအပ်နေကြသည်ဟု အကူအညီပေးနေသူများက ပြောသည်။

မိုးဗြဲ - လွိုင်ကော် လမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့နယ်၊ ပိန်းချစ်နှင့် မှုံပြာကျေးရွာတို့၌ ဒေသခံ စစ်ဘေးရှောင်များအား ဖမ်းဆီးစစ်ဆေးနေသည်ဟုလည်း ဆိုသည်။

မြေပြင်ရှိ ကရင်နီတော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက “သူတို့ စစ်ကြောင်းထိုးလာပြီး မိုးဗြဲမှာ အိမ်တွေ မီးရှို့တော့ တော်တော်များများက လွိုင်ကော်အရှေ့ဘက်ခြမ်းကို ရွှေ့ကြတာပေါ့။ တချို့ပြည်သူတွေက အဲကနေတဆင့် လမ်းလျှောက်ပြီး တောလမ်းကနေ ဒီးမော့ဆိုထဲကို ပြန်ဆင်းလာကြတယ်။ စစ်ကောင်စီဖက်က လက်နက်ကြီးနဲ့ လေကြောင်း နေ့တိုင်း ပစ်နေတုန်းပဲ” ဟု ပြောသည်။

ဇူလိုင်လ ၂၈ ရက်နေ့ မြေပြင်အခြေအနေအရ လွိုင်ကော်မြို့နယ်ထဲက ဒေါဆော်လီနှင့် ဘုရားနီကျေးရွာတို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) အပါအဝင် စစ်မှုထမ်းသစ် စစ်ကူ များဖြင့် ဖရူဆို၊ ဘော်လခဲ စသည့်မြို့နယ်များသို့ ခြေလျင်စစ်ကြောင်း ဆက်လက်ထိုးနိုင်သည်ဟု မြေပြင်စစ်ရေး သတင်းအရင်းအမြစ်များက ခန့်မှန်းနေကြသည်။

မိုးဗြဲမြို့ကို ဇူလိုင်လ ၁၁ ရက်နေ့မှ စတင်၍ စစ်ကောင်စီတပ်က ထိန်းချုပ်ထားသော်လည်း မြို့တွင်းဝင်ရောက် နေထိုင်ကြသည့် ဒေသခံများ မရှိသေးသည့်အပြင် ၎င်းတို့အနေဖြင့် အုပ်ချုပ်ရေးယန္တရား အပြည့်အဝ လည်ပတ် နိုင်ရန်အတွက်လည်း လပေါင်းများစွာ ကြာနိုင်သည်ဟု ဖယ်ခုံမြို့နယ်တွင်း ထောက်ပို့တပ်ဖွဲ့ဝင်များက ပြောဆို ထားသည်။

February 26, 2026
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ လမ်းပိုင်းများတွင် အထက်အဆင့်ဆင့်၏ ခွင့်ပြုချက်မရှိဘဲ...
February 25, 2026
ရှမ်းပြည်၏ မြို့တော် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း...
February 24, 2026
NCA လမ်းကြောင်းဖြင့် မလုံလောက်တော့ဘဲ သက်ဆိုင်သူအားလုံး ပါဝင်နိုင်သည့် နိုင်ငံရေး လမ်းကြောင်းသစ်...
February 23, 2026
မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ပိတ်ဆို့နေမှုကြောင့် မြစ်ကြီးနားတွင် ကြက်သားတစ်ပိဿာ ၄...