ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို KNLA မဟာမိတ်တပ်ဖွဲ့များ ပြန်ဆုတ်ထားရ

ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို KNLA မဟာမိတ်တပ်ဖွဲ့များ ပြန်ဆုတ်ထားရ

ကရင်ပြည်နယ်၊ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ယမန်နေ့ နေ့လည်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ်တပ်ဖွဲ့များ ဆုတ်ခွာပေးထားကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်ထံမှ သိရသည်။

စစ်ကောင်စီတပ်က DKBA ဗိုလ်ဘိတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ကျုံဒိုးဘက်နှင့် ကော့ကရိတ် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်-စကခ ၁၂ ဘက်က ဇူလိုင်လ၂၀ ရက်မှ စတင်ကာ ဖျက်အားပြင်း လက်နက်ကြီး မစ်ဇိုင်းဒုံးများ၊ ဟောင်ဝှစ်ဇာအမြောက်များ အသုံးပြုထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် ယခုလို ယာယီဆုတ်ပေးထားရခြင်း ဖြစ်ကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်ဘက်က ပြောသည်။

ထို့ကြောင့် လတ်တလောတွင် နွားခြံကုန်း၊ အင်းကြီး၊ အုန်းတစ်ပင်၊ ငါးတိုင် ကျေးရွာများဘက်ရှိ KNLA မဟာမိတ် စစ်ကြောင်းများ ပြန်ဆုတ်ပေးခဲ့သည့်အခြေအနေကို တော်လှန်ရေး သတင်းအရင်းအမြစ်တစ်ခုက ယခုလို ပြောသည်။

"စကစက DKBA နဲ့ တွဲတက်တိုက်တာက စစ်ကြောင်း ၃ ကြောင်းလောက် တိုးလားတယ်၊ လက်နက်ကြီးက ၄ နေရာလောက်ကညှပ်ပစ်တာမျိုး ဟောင်ဝှစ်ဇာ ၁၂၀ တွေ၊ မစ်ဇိုင်းတွေပစ်ထည့်တာဆိုတော့ မိုးထဲရေထဲ စစ်က စားဖို့ မလွယ်ဘူးလေ၊ ရေကြီးနေပြီဆိုတော့ တပ်တွေကြားညှပ်ပိတ်မိတာမျိုးရှိလာနိုင်လို့ ခွာ စစ်လုပ်ပြီး ပြန်ဆုတ် နေပေမယ့် လက်နက်ကြီးကတော့ သူပစ် ကိုယ်ပစ်ဆက်ရှိနေတယ်" ဟု ၎င်းစစ်ရေးသတင်းအရင်းအမြစ်က ပြော သည်။

စစ်ကောင်စီ ထိန်းချုပ်ထားသော နိုင်ငံပိုင်မီဒီယာများတွင်လည်း ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

လက်ရှိ ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းတွင် ကျုံဒိုးမှ စစ်ကောင်စီစစ်ကြောင်းများ ကော့ကရိတ်မြို့ဘက်နယ် မြေရှင်း လင်းစစ်ကြောင်းထွက်ရန် စစ်ကူနှင့် ခဲယမ်းယာဉ်တန်းများထွက်ရန် အရပ်သားကားမျာအား ချောဆွဲလိုက်လံ ခေါ်ယူနေကြောင်း ဒေသခံများက ပြောသည်။

ကျုံဒိုးလမ်းပိုင်းစစ်ရေး အခြေအနေသိသူတစ်ဦးက "ကျုံဒိုး ခမရ ၅၄၆ က ဟောင်ဝှစ်ဇာနဲ့ပစ်တာ မနေ့က တောင် ကမ္မရိုက်ရွာကြီးက မူလတန်းကျာင်းဆောင်ပြိုကျသွားတယ်။ ရေပူ၊ ငါးတိုင်နားက တံတားတွေလည်း ကျိုးကုန်ပြီ။

 ခုနှစ်တိုင် ကိုးတိုင်ဘက်လည်းလမ်းတွေပေါ် အလုံးကြီးကျပြီး ချိုင့်တွေကျင်းတွေဖြစ်ကုန်ပြီ။ မစ်ဇိုင်းတွေ ပစ်တာ ရွာတိုင်း‌ကျောင်းတိုင်း အကုန်ပျက်ပဲလေ” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်မှ စတင်ဖြစ်ပွားနေသည့် ကော့ကရိတ်၊ ကျုံဒိုးလမ်းပိုင်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှုကြောင့် ကျေးရွာစာသင်ကျောင်းများ ၁၀ ကျောင်းခန့် ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။  

၎င်းအပြင် ငါးတိုင်ရွာလမ်းပိုင်းရှိတံတား ၂ စင်း ပျက်စီးမှုနှင့် လမ်းမကြီးများပျက်စီးမှု ရှိနေသည့်အတွက် ကော့ကရိတ်သို့ ကားကြီးများသွားမရနိုင်ကြောင်း သိရှိရသည်။

Most read this week

August 4, 2026
စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုအောက်ရှိ မြန်မာအမျိုးသမီးများသည် နိုင်ငံတကာ၏ ကူညီကယ်တင်မှုကို စောင့်...
August 3, 2026
ကရင်ပြည်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် ကရင်နယ်ခြားစောင့်တပ် (BGF) ၏ အမှတ်(၄)တပ်နယ်မှူး...
MPA (ပုံဟောင်း)
August 3, 2026
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် ဆက်နွှယ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (...
August 1, 2026
ဆောင်းဦးပေါက် (သို့မဟုတ်) ပွင့်လင်းရာသီရောက်ပြီဆိုလျှင် ကရင်ပြည်၊ ဒေါနတောင်တန်းအရှေ့ခြမ်းရှိ...