မွန်ပြည်နယ်မှာ ပြည်ခိုင်ဖြိုးပါတီထဲဝင်ရင် စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်ဆိုပြီး လိုက်လံစည်းရုံး

မွန်ပြည်နယ်မှာ ပြည်ခိုင်ဖြိုးပါတီထဲဝင်ရင် စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်ဆိုပြီး လိုက်လံစည်းရုံး

မွန်ပြည်နယ်မှာ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီက လူငယ်တွေကို သူတို့ပါတီထဲဝင်ရင် စစ်မှုထမ်း ကင်းလွတ်ခွင့်ရမယ်ဆိုပြီး လိုက်လံ စည်းရုံး နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ ပြည်သူ့စစ်မှုထမ်း သင်တန်းအတွက် ဆင့်ခေါ်ခံရနိုင်တဲ့ အသက်အရွယ်ရှိတဲ့ လူငယ်တွေ၊ စစ်မှုထမ်းဖို့အတွက် ကြောက်ရွံ့နေတဲ့ လူငယ်တွေကို ပစ်မှတ်ထားကာ သူတို့ ပါတီထဲကို ဝင်ရောက်ဖို့ လိုက်လံ စည်းရုံးနေတာပါ။

လိုက်လံ စည်းရုံးတဲ့နေရာမှာတော့ စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်ခံရတာ ဖြစ်ဖြစ် ဖမ်းဆီးခံရတာဖြစ်ဖြစ် ပါတီအနေနဲ့ လိုက်လံဖြေရှင်းပေးမှာ ဖြစ်သလို ပါတီဝင် ဖြစ်ပါက ပါတီနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေပါ ရရှိမယ်ဆိုပြီး မက်လုံးပေး စည်းရုံးနေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်ဒေသခံ တစ်ဦးကတော့ လူငယ်တွေကို ပြည်ခိုင်ဖြိုးပါတီက သူပါတီထဲဝင်ပါက စစ်မှုမထမ်းရဘူးဆိုပြီး စည်းရုံးကာ ပါတီဝင်အဖြစ် စုဆောင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“အခုလောလောဆယ် ကျွန်တော်တို့ ရပ်ကွက်မှာ တွေ့နေတာတော့ ပြည်ခိုင်ဖြိုးပေါ့။ ပြည်ခိုင်ဖြိုးကတော့ သူတို့ ပါတီထဲ ဝင်ထားရင် သူတို့ ကတ်ပြားရထားရင် စစ်မှုမထမ်းရဘူး ဆိုပြီးတော့ စည်း ရုံးပြီးတော့ လိုက်လုပ်နေတာတော့ တွေ့တာပေါ့။ ရပ်ကွက်တွေထဲမှာ စာရင်း ကောက်တယ်ဆိုတာက သူတို့ ပါတီဝင်အဖြစ်နဲ့ ပုံစံ ဖြည့်ရမယ်။ ပုံစံတွေ ပေးတယ်”လို့ ဆိုပါတယ်။

ဒေသတွင်းမှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင်က အထွေထွေရွေးကောက်ပွဲကို ဒီနှစ်ကုန်ပိုင်းနဲ့ လာမယ့်နှစ် အစမှာ ကျင်းပပြုလုပ်သွားမယ်လို့ ပြောဆိုပြီးတဲ့နောက် နိုင်ငံရေးပါတီ တချို့ ရွေး ကောက်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။

တဖက်မှာလည်း စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတချို့ ဟာ သူတို့ ပါတီထဲ ဝင်အောင် ဒေသခံတွေကို နည်းအမျိုးမျိုးနဲ့ စည်းရုံးတာ ရှိသလို စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ် တချို့မှာလည်း ပါတီရုံးခွဲ ဖွင့်လှစ်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ် ဒေသခံ နောက်တစ်ဦးကလည်း ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ လူငယ်တွေကို ပြည်ခိုင်ဖြိုးပါတီ ထဲ ဝင်ပါက စစ်မှုထမ်း ကင်းလွတ်ခွင့်ရမယ် ဆိုပြီး စည်းရုံးမှုတွေ များလာတာကြောင့် ပြည်သူတွေအနေနဲ့ သူတို့လိမ်တဲ့ ဂွင်ထဲ မဝင်မိဖို့ လိုတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ ရပ်ကွက်တွေမှာလည်း ကြားတယ်။ ပြည်ခိုင်ဖြိုးပါတီထဲကို ဝင်ရင် စစ်မှုထမ်း ကင်းလွတ်မှာတို့ ဘာတို့ စည်းရုံး တာပေါ့ဗျာ။ပြည်သူလူထုကို မက်လုံးပေးတာပေါ့။ ဒါပေမယ့် သူတို့က တကယ့် တကယ် စည်း ရုံးတယ်၊ တကယ့်တကယ် ဖြစ်လာတဲ့အခါကျတော့ သူတို့ တာဝန်ယူမှု တာဝန်ခံမှု သူတို့မှာ အပြည့်အဝ မရှိဘူး။ ပြည်သူလူထုတွေ အဓိကတော့ နားတွေ မျက်စိတွေ ဖွင့်ထားဖို့ အရေးကြီးပါတယ်။ သူတို့ လိမ်တဲ့ သူတို့ ဆင်တဲ့ဂွင်ထဲကို ပြည်သူလူထုတွေ မဝင်မိတာ ကောင်းပါတယ် ”လို့ ဆိုပါတယ်။

တဖက်မှာ တော်လှန်ရေး အင်အားစုတွေကတော့ ဒေသခံပြည်သူတွေ အနေနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေနဲ့ မပူးပေါင်းဖို့ တိုက်တွန်းတာ ရှိသလို စစ်ရေးအရ အရေးယူ သွားမယ်ဆိုပြီး သတိပေးချက် ထုတ်ပြန်တာတွေ ရှိနေတာပါ။

မွန်ပြည်နယ်မှာတော့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ ပြည်သူ့ ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ မွန်ညီညွတ်‌ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ၊ အမျိုးသမီးပါတီ(မွန်) အပြင် စစ်ကောင်စီနဲ့ နီးစပ်တဲ့ ပါတီတချို့ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...