ဖယ်ခုံအင်း အရှေ့ဖက်ကမ်းက ပိတ်မိနေတဲ့ ပြည်သူဆီကို စစ်ကောင်စီက နေ့စဉ် လက်နက်ကြီး ပစ်ခတ်နေ၊ ဒေသခံတွေ စိုးရိမ်နေကြ

ဖယ်ခုံအင်း အရှေ့ဖက်ကမ်းက ပိတ်မိနေတဲ့ ပြည်သူဆီကို စစ်ကောင်စီက နေ့စဉ် လက်နက်ကြီး ပစ်ခတ်နေ၊ ဒေသခံတွေ စိုးရိမ်နေကြ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအင်း အရှေ့ဖက်ကမ်းက ကျေးရွာတွေ မှာ ပိတ်မိနေတဲ့ ပြည်သူတွေဆီကို စစ်ကောင်စီက နေ့စဉ် လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူတွေ စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

ဖယ်ခုံအခြေစိုက် တပ်တွေကနေ ပစ်ခတ်နေသလို လွိုင်လင်အခြေစိုက် စစ်ကောင်စီတပ်တွေကပါ ပစ်ခတ်လာ ကြတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“နေ့တိုင်းလိုလိုပဲ ပစ်တယ်။ လွယ်လင်ဘက်ကော ဖယ်ခုံဘက်ကော ပစ်လာတာ လက်နက်ကြီးက။ ကျေးရွာထဲမှာ ကျန်ခဲ့တဲ့ ပြည်သူတွေက တစ်ရွာနဲ့ တစ်ရွာတအားနီးတယ်လေ။ အကယ်၍ စစ်ကောင်စီတွေ ဝင်လာရင် တစ်ရွာနဲ့တစ်ရွာ ဆက်ဖို့လည်း လွယ်တော့ တချို့က တောင်ပေါ်မှာ သွားနေကြတယ်။ အဲ့တာလည်း လက်နက်ကြီးက တောင်ပေါ်ထိ လာကျတာပဲ။” လို့ ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

လတ်တလော နေ့စဥ် ပစ်ခတ်မှုတွေမှာတော့ လူထု ထိခိုက်မှုတွေမရှိခဲ့ဘူးလို့ ဆိုပါတယ်။ အဆိုပါ ဖယ်ခုံအင်း အရှေ့ဖက်ကမ်းက ကျေးရွာတွေဟာ မိုးဗြဲမြို့နဲ့ မိုးဗြဲ၊ လွိုင်ကော် လမ်းမကြီး တစ်လျှောက်လုံးကို စစ်ကောင်စီ ထိန်းချုပ်ထားလိုက်တဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ကတည်း ပိတ်မိနေခဲ့တာပါ။

ပိတ်မိပြည်သူတွေ ထွက်ပေါက်မရှိသလို မြေပြင်အခြေအနေအရ ဝင်ရောက် ကူညီခေါ်ထုတ်လို့ မရဘူးလို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“ပိတ်မိသူတွေက ပိတ်မိနေဆဲပါနော်။ ထွက်လာလို့မရသေးဘူး။ အပြင်ကလူ လာခေါ်ထုတ်နိုင်ဖို့လည်း ဝင်လာလို့ကို မရတဲ့အခြေအနေပေါ့နော် ။ ကိုယ်ကထွက်လာနိုင်ခဲ့တယ်ဆိုရင်တောင် ကျန်ခဲ့တဲ့ မိသားစုဝင်တချို့ကိုလည်း စိတ်ပူရတယ်လေ။“ လို့ အဆိုပါ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့မှာလည်း ဖယ်ခုံအင်းအရှေ့ဖက်ကမ်းက ကျေးရွာကို စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ခဲ့ပြီး ပြည်သူ ၅ ဦး သေဆုံးခဲ့ကာ ၇ ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိမှာ သောင်းနဲ့ ချီတဲ့ ဖယ်ခုံအင်းအရှေ့ဖက်ကမ်း ကျေးရွာက လူထုတွေဟာ စစ်ကောင်စီနဲ့ PNO ရဲ့ ထိုးစစ်တွေကြောင့် တိမ်းရှောင်နေရပြီဖြစ်သလို ကျေးရွာအတွင်း ပိတ်မိပြည်သူတွေလည်း သောင်းနဲ့ချီ ကျန်ရှိနိုင်သေးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

April 20, 2026
ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းအချိန် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းက...
ဓါတ်ပုံ - ကန္တာရ၀တီတိုင်း (မ်)
April 11, 2026
ဧပြီလ (၁၀)ရက်နေ့မှာ ကျရောက်တဲ့ ( ၂၆ ) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို...
April 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသတွေမှာ ဓာတ်ဆီတစ်လီတာကို နှစ်သောင်းကျပ်အထိ...
April 9, 2026
လောင်စာဆီ ချွေတာရေးအစီအမံအတွက် စက်သုံးဆီတင်သွင်းသယ်ယူမှု အခွန်ကင်းလွတ်ခွင့်ကို...