တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ အများအပြား သေဆုံးသွားခဲ့သည်ဟု သိရသည်။
ဖားကန့်မြို့နယ်ရှိ ကျောက်တူးဖော်ရေးလုပ်ငန်းခွင်တစ်ခုဖြစ်သော မှော်စီစာတောင်ယာကုန်းတွင် ယနေ့ ဇူလိုင် ၂၁ ရက်၊ နံနက် ၁ဝ နာရီခန့်က မြေစာပုံပြိုကျမှုဖြစ်ပွားမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ အများအပြား သေဆုံးပြီး ၂၀ ကျော် မြေပိပျောက်ဆုံးနေသည်ဟု ဖားကန့်ရောက် ရခိုင်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
“ခုတလော မိုးတွေလည်း ရွာတယ်။ တိုက်ပွဲကလည်း ရှိတယ်။ ဒါပေမယ့် ဝမ်းရေးအတွက်တော့ ရုန်းကန်နေရတာပဲ။ ဒီမနက်က မြေစာပုံပြိုကျလာတာ အဲဒီလုပ်ငန်းခွင်က လုပ်သား ၂၀ ကျော်၊ ၃၀ လောက် ပါသွားတယ်။ ကျနော် သိရသလောက် ရုပ်အလောင်း ၁၀ ကျော် တွေ့ထားတယ်။ အတိအကျတော့ မသိဘူး။ ဒီထက်လည်း များနိုင်တယ်” ဟု ပြောသည်။
သေဆုံးသူအရေအတွက် အတိအကျကိုမူ မသိနိုင်သေးဟု ဆိုသည်။
ယနေ့ နေ့လယ်ပိုင်းအထိ သေဆုံးသူ ၁ဝ ကျော်၏ ရုပ်အလောင်းများကို ရရှိထားပြီဖြစ်ပြီး မြေစာပုံပိ၍ ပျောက်ဆုံး နေသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မြေပိတဲ့ထဲမှာ ပါတဲ့သူတွေကိုတော့ အတတ်နိုင်ဆုံးရှာနေကြတယ်။ အကုန်လုံးက အသက်ရှင်နိုင်ဖို့ဆိုတာ မလွယ်ဘူး” ဟု ပြောသည်။
သေဆုံးသူများနှင့် ပျောက်ဆုံးနေသူများ၏ အမည်၊ အသက်နှင့် နေရပ်လိပ်စာတို့အား လောလောဆယ် မသိနိုင်သေးဟုလည်း ဒေသခံများက ဆိုကြသည်။
ပြီးခဲ့သည့် ဧပြီလမှစ၍ ဖားကန့်မြို့သို့ ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းများနှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)တို့ ဖားကန့်အနီး တိုက်ပွဲဖြစ်နေသည်မှာ သုံးလကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
တိုက်ပွဲများကြောင့် ဖားကန့်ဒေသ ကျောက်တူးဖော်ရေးလုပ်ကွက်များ၊ ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်နေသည့် ရေမဆေးလုပ်သားများအပါအဝင် ရွှေ့ပြောင်းလုပ်သား သောင်းနှင့်ချီ စစ်ရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီက ဖားကန့်မြို့နယ်အတွင်း ဝင်ရောက်လာပြီးနောက် ဖားကန့်တွင်ရှိသည့် ကျောက်လုပ်ကွက်များမှ စက်ယန္တရားများကို မီးရှို့ဖျက်ဆီးနေမှုကြောင့် လုပ်ငန်းများ ရပ်နားထားရချိန် အချို့ လုပ်ကွက်နေရာများတွင် ရေမဆေးကျောက်ရှာဖွေသူများ ဝင်ရောက်ရှာဖွေခွင့် ရနေကြခြင်းဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂ဝ ရက်၊ ညနေပိုင်းကလည်း ဖားကန့်မြို့နယ်ရှိ မှော်ရှန်ကုန်းကျေးရွာမှ ကျောက်စိမ်းလုပ်ကွက်တွင် စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့်ရေမဆေးကျောက် ရှာဖွေသူ ညီအစ်ကိုနှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ဖားကန့်တွင် မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူများ မကြာခဏသေဆုံးမှုရှိနေသည်ဟု သိရသည်။
ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်က ဝှေခါမှော် ကျောက်စိမ်းလုပ်ကွက် ပြိုကျမှုကြောင့် လူပေါင်း ၁၉၀ ကျော် သေဆုံးခဲ့ရမှုမှာ ဖားကန့်မြို့နယ်အတွင်း လူသေဆုံးမှု အများဆုံးရှိသည့်ဖြစ်ရပ် ဖြစ်သည်ဟု သိရသည်။
၂၀၂၃ ခုနစ်အတွင်း ဗြိတိန်အခြေစိုက် Global Witness လူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံအရပ်ရပ်မှ လူပေါင်းလေးသိန်းခန့်သည် ဖားကန့်တွင် ရေမဆေးကျောက် ရှာဖွေနေကြရသည်ဟု သိရသည်။







