ရှမ်း-ကရင်နီ အစပ်က စစ်ရှောင်စခန်း အကူအညီများ လိုအပ်

ရှမ်း-ကရင်နီ အစပ်က စစ်ရှောင်စခန်း အကူအညီများ လိုအပ်

လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ရှမ်း-ကရင်နီအစပ်က စက်စေး စစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ လိုအပ်နေကြသည်။

ရှမ်း-ကရင်နီအစပ်၊ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ စက်စေး စစ်ဘေးရှောင်စခန်းတွင် အကူအညီများ လိုအပ်နေကြခြင်းဖြစ်သည်ဟု ဒေသတွင်း စစ်ဘေးရှောင် ကူညီရေးအဖွဲ့အစည်း တာဝန်ခံများက ပြောသည်။

ဖယ်ခုံမြို့တွင်းမှ စက်စေး စစ်ဘေးရှောင်စခန်းသို့ ကားဖြင့် သွားလာပါက ၂ နာရီခန့် ကြာမြင့်ပြီး ထိုမှတဖန် စခန်းသို့ ရောက်ရှိရန်အတွက် မိုးရာသီကာလများ၌ လမ်းလျှောက်ခရီးဖြင့်သာ သွားလာနိုင်သဖြင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုအရ အကူအညီများ လိုအပ်နေခြင်း ဖြစ်သည်။

စစ်ဘေးရှောင်စခန်းများကို လိုက်လံကူညီပေးနေသည့် Jobs For Kayah (JFK) အဖွဲ့တာဝန်ခံ တစ်ဦးက

“တော်တော်ဝေးတယ်။ တကယ့် ကားလမ်းတွေ မရှိဘူးပေါ့နော်။ ဆိုင်ကယ်လမ်းလည်း အရမ်းကျဉ်းပြီးတော့ လမ်းအရမ်းဆိုးတဲ့နေရာပေါ့။ အဲဒီ ကားလမ်းရတဲ့နေရာကနေ သူတို့ စခန်းကို သွားမယ်ဆိုရင် ဆိုင်ကယ်နဲ့ဆိုရင် တော့ မိုးရာသီ မဟုတ်ရင် နာရီဝက်လောက် မောင်းရမှာပေါ့နော်။ ဒါပေမယ့် အခု ကျနော်တို့ သွားတာတော့ ပစ္စည်းတွေ ထမ်းပြီးတော့ လမ်းလျှောက်ပြီး သွားရတာက တစ်နာရီကျော်ကျော်တော့ ကားလမ်းရတဲ့နေရာကနေ သူတို့ဆီကို သွားတာပေါ့နော်” ဟု ပြောသည်။

စက်စေးစစ်ဘေးရှောင်စခန်းအား ဖယ်ခုံမြို့နယ်တွင်း ကူညီဆောင်ရွက်ပေးသည့် အဖွဲ့အစည်း တစ်ဖွဲ့သာရှိပြီး ထိုအဖွဲ့မှာလည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် ပျမ်းမျှ တစ်နှစ်လျင် ၂ ကြိမ်ခန့်သာ လာရောက်နိုင်သည်ဟု ဆိုသည်။

လက်ရှိ စခန်း၌ အိမ်ထောင်စု ၁၂၆ စု၊ လူဦးရေ ၅၁၀ ဦး နေထိုင်ကြပြီး ကလေး ၁၄၅ ဦးကိုလည်း Grade-5 အထိ စာသင်ကြားပေးနိုင်သည့် ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ဖွင့်လှစ်ထားသည်ဟု ဆိုသည်။

JFK အဖွဲ့တာဝန်ခံက “စာသင်ကျောင်းက အမိုးအကာတော့ အဆင်မပြေဘူးပေါ့နော်။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေး အရမ်းခက်ခဲတော့ ဘယ်လိုပြောမလဲ။ ကျန်းမာရေးဆိုင်ရာ၊ ရိက္ခာပိုင်းဆိုင်ရာ အထွေထွေပေါ့နော်။ အဲဒါတွေ အခက်ခဲ ရှိတယ်ပေါ့နော်” ဟု ဆက်ပြောသည်။

လက်ရှိ စခန်းတွင် နေထိုင်သည့် စစ်ဘေးရှောင်များမှာ တောင်ယာစိုက်ပျိုး လုပ်ကိုင်ကြပြီး ဟင်းသီးဟင်းရွက်၊ ပြောင်းနှင့် စပါးတို့ကို အဓိက စိုက်ပျိုးကြသော်လည်း လုံလောက်မှု မရှိသည့်အပြင် ရောင်းချရန်အတွက်လည်း လမ်းပန်းဆက်သွယ်ရေးအရ ခက်ခဲမှုများ ရှိနေသည်ဟု ဆိုသည်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် အရေးပေါ် ဖြေရှင်းပေးနိုင်သည့် အဖွဲ့အစည်း အချို့ရှိသော်လည်း ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများမှာ မိုးရာသီ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုအရ လူသူ အရောက်ပေါက် နည်းသဖြင့် အလှူရှင်များ လာရောက် ကူညီပေးစေလိုသည်ဟု JFK တာဝန်ရှိသူများက တောင်းဆိုထားသည်။

စက်စေး စစ်ဘေးရှောင်စခန်းတွင် ဒီးမော့ဆိုနှင့် ဖယ်ခုံမြို့နယ် အနီးတစ်ဝိုက်မှ ဒေသခံများ လာရောက်ခိုလှုံနေကြ ပြီး လက်ရှိ မိုးဗြဲတိုက်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေ ထပ်မံတိုးလာနိုင်သည်ဟု ဒေသတွင်း ကူညီဆောင်ရွက်ပေး သည့် အဖွဲ့အစည်း တာဝန်ခံများက သုံးသပ်နေကြသည်။

CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...