ရန်ကုန်တွင် အမျိုးသမီးငယ်များအပါအဝင် ရခိုင်လူငယ် ၁၅ ဦးထက်မနည်း ပျောက်ဆုံးနေ

ရန်ကုန်တွင် အမျိုးသမီးငယ်များအပါအဝင် ရခိုင်လူငယ် ၁၅ ဦးထက်မနည်း ပျောက်ဆုံးနေ

ရန်ကုန်တွင် အဆောင်များ၌ နေထိုင်ကြသည့် ရခိုင်အမျိုးသမီးငယ်များအပါအဝင် ရခိုင်လူ ၁၅ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ အဆောင်အချို့တွင် နေထိုင်ပြီး စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်နေကြသည့် လူငယ်/လူလတ်အရွယ် ရခိုင်အမျိုးသမီးများနှင့် ရခိုင်အမျိုးသား စုစုပေါင်း ၁၅ ဦးထက်မနည်းသည် ပြီးခဲ့သည့် ဇွန်လအတွင်းမှစ၍ ယခုဇူလိုင်လအထိ အဆောင်သို့ပြန်မလာဘဲ ပျောက်ဆုံးနေသည်ဟု ရခိုင်အမျိုးသမီးတစ်ဦးက

နိရဉ္စရာကို ပြောသည်။

"ကျမသူငယ်ချင်း မနက်အလုပ်သွားပြီး ညဖက်ပြန်မလာတော့ဘူး။ တစ်ရက်နှစ်ရက်မကဘူး။ တစ်ပတ်နှစ်ပတ်ကြာသွားတယ်။ ဖုန်းခေါ်ရင်လည်း စက်ပိတ်ထားတယ်။ သမီးရည်းစားတွေ ခိုးရာလိုက်ရင်တော့ အများဆုံး တစ်ပတ်လောက်ဆိုပြန်ရောက်မှာ။ အခုက ဘယ်လိုမှ အဆက်အသွယ်မရဘူး။ အခုကျမတို့အဆောင်နဲ့ တခြားအဆောင်တွေက သူတွေလည်း အဲလို တစ်ယောက်စ နှစ်ယောက်စ ပြန်မလာကြတာ ကြာနေပြီ။ ကျမသိသလောက် ၁၅ ယောက်လောက်ရှိနေပြီ" ဟု ပြောသည်။

ပျောက်ဆုံးနေသူများတွင် ရခိုင်အမျိုးသမီးငယ်ဦးရေ ပိုများသည်ဟုလည်း ဆိုသည်။

ယခုကဲ့သို့ ပျောက်ဆုံးနေသူများမှာ မည်သည့်နေရာဒေသသို့ ရောက်ရှိနေမှန်းမသိ၍ စိုးရိမ်စိတ်ပူမိကြောင်း သူမက ပြောသည်။

"ရွာမတူပေမယ့် အဆောင်မှာ ခင်မင်ရင်နှီးကြတယ်။ အခုလို တူတူနေကြတဲ့အခန်းဖော်တွေ ပြန်မလာတော့ စိုးရိမ်မိတယ်။ ပြီးတော့ ဘာဖြစ်လို့ ဖြစ်မှန်းမသိ။ အဖမ်းအဆီးတွေကလည်း များနေတော့။ ကျမကတော့ ပျောက်ဆုံးနေတဲ့ ကျမသူငယ်ချင်းတွေရဲ့ အနီးစပ်ဆုံး ဆွေမျိုး‌တွေကိုတော့ အကြောင်းကြားပေးထားတယ်" ဟု ပြောသည်။

ယခုပျောက်ဆုံးနေသူများမှာ ရခိုင်ပြည်မှ ပေါက်တော၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံစသည့် မြို့နယ်များမှဖြစ်ပြီး ရန်ကုန်ရှိ စက်ရုံ၊ အလုပ်ရုံများတွင် နှစ်ရှည်လများအလုပ်လုပ်နေကြသူများဖြစ်ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်မှ ရခိုင်လူငယ်များပျောက်နေသည့် အဆောင်အချို့၏ အမည်နှင့် ပျောက်ဆုံးနေသည့်သူများ၏ အမည်များကို လုံခြုံရေးအရ မဖော်ပြရန် တောင်းဆိုထားသဖြင့် နိရဉ္စရာအနေဖြင့် ဖော်ပြနိုင်ခြင်းမရှိပါ။

အဆိုပါ လူငယ်များပျောက်ဆုံးကြောင်းကို ရန်ကုန်ရှိ လူမှုအဖွဲ့အစည်းအချို့ထံတိုင်ကြားသော်လည်း ကူညီပေးခြင်းမရှိဟု နောက်ထပ် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဟိုပါတီ၊ ဒီပါတီထောင်လို့ ဟိုအလှူခံ၊ ဒီအလှူခံတုန်းကဆို ဆက်သွယ်စရာတောင်မလိုဘူး။ ရပ်ကွက်တွေထိလာပြီး မဲဆွယ်တယ်။ စည်းရုံးတယ်။ အခုကျမတို့ ဒုက္ခရောက်တော့ ဘယ်သူ့မှလာမကြည့်ဘူး" ဟုပြောသည်။

ရန်ကုန်တွင် ယခုနောက်ပိုင်း ရခိုင်လူမျိုးများနေထိုင်ရာ နေအိမ်များ၊ တိုက်ခန်းများကို စစ်ကောင်စီက နေ့/ညမရွေး ရှောင်တခင် ဧည့်စာရင်းလာစစ်ခြင်း၊ လမ်းသွားလမ်းလာနေကြသည့် ရခိုင်လူငယ်များကို ဖမ်းဆီးစစ်ဆေးခြင်း၊ ပေါ်တာဆွဲခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည့်အတွက် ရန်ကုန်ရှိ ရခိုင်လူငယ်များအကြား စိုးရိမ်လျက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့၊ နံနက် ၇ နာရီဝန်းကျင်ကလည်း အင်းစိန်မြို့နယ်၊ ပေါက်တောဝ ကားမှတ်တိုင်တွင် အလုပ်သွားရန် ကားစောင့်နေသည့် ရခိုင်လူငယ်များအပါအဝင် လူငယ်/လူရွယ် အုပ်စုလိုက်ကို စစ်ကောင်စီတပ်က ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...