လားရှိုး-မိုင်းရယ်ကြား MNDAA ခွင့်ပြုချက်ဖြင့် ရွှေတူးနေသည့်သူများကို ဒေသခံ မောင်းထုတ်

လားရှိုး-မိုင်းရယ်ကြား MNDAA ခွင့်ပြုချက်ဖြင့် ရွှေတူးနေသည့်သူများကို ဒေသခံ မောင်းထုတ်

သျှမ်းပြည်၊ လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား နမ့်ပေါင်တိုက်နယ်တွင် ကိုးကန့်တပ်ဖွဲ့ ( MNDAA) ခွင့်ပြုချက်ဖြင့် ရွှေတူးဖော်နေခြင်းကို ရပ်တန့်ပြီး (၇) ရက်အတွင်း ပစ္စည်းသိမ်း ထွက်ခွာသွားရန် ဒေသခံများက အချိန်ပေးထားကြောင်း စုံစမ်းသိရသည်။

ဇွန်လ (၁၅) ရက်မှ စတင်ပြီး လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ် မန်စယ်ကျေးရွာအုပ်စု ကောင်းဝိန်းကျေးရွာရှိ နမ့်အွန်ရေထွက်တောတွင် MNDAA ထောက်ခံချက်ဖြင့် ‘ဝ’ဒေသ မိုင်းမောမြို့ဘက်မှ လာသည့် လုပ်ငန်းရှင် ဦးဆောင်ပြီး ရွှေတူးဖေါ်ရန် လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် ဇွန်လ (၁၆) ရက်တွင် ရွှေတူးဖော်မည့် နေရာသို့ နမ့်ပေါင်ဒေသခံ သံဃာတော်များ သွားရောက် ကန့်ကွက်ခဲ့သော်လည်း ရက်ပိုင်းသာ ရပ်နားခဲ့ပြီး ပြန်လည်တူးဖော်ခဲ့ခြင်းကြောင့် ဒေသခံများမှ ထပ်မံ သွားရောက်ကန့်ကွက်ခဲ့ကာ ဇူလိုင်လ ၁ ရက်တွင် လုပ်ငန်းရပ်နားရန် သဘောတူခဲ့ကြောင်း နမ့်ပေါင်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့တုန်းက သုံးရက်လောက် နားထားပြီး ရေထွက်တော ဟိုနားဒီနား ဆက်တူးနေတာ။ နောက်တစ်ခါ ၂၈ ရက်တုန်းကလည်း ရေမြောင်းဖော်တယ်ဆိုပြီး ထပ်တစ်ခါ ဘတ်ဖိုးနဲ့ တူးနေလို့ ထပ်လိုက်ရသေးတယ်။ ဒီတခေါက်တော့ ဇူလိုင် ၃ ရက်နေ့မတိုင်ခင် ထွက်သွားပေးဖို့ ပြောတာ၊ သူတို့က ပစ္စည်းသိမ်းတာ မပြီးနိုင်လို့ ၇ ရက်နေ့အထိ အချိန်တောင်းထားတယ်” ဟု နမ့်ပေါင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

MNDAA ထောက်ခံချက်ဖြင့် ရွှေတူးဖော်ရန် လုပ်ဆောင်သည့် နေရာသည် လယ်ယာစိုက်ပျိုးရေးအတွက် ရေအရင်းအမြစ် ရရှိသည့် ရေထွက်ဦးနေရာနှင့် သာသနာ့နယ်မြေ ဖြစ်ခြင်းကြောင့် ဒေသခံများမှ သဘောတူ ခွင့်ပြုထားခြင်း မရှိကြောင်း သိရသည်။

“ကိုးကန့်ဆီက ရွှေတူးဖို့ ထောက်ခံစာ ရလာလည်း ပြည်သူခွင့်မပြုရင် တူးလို့မရဘူး။ ကိုးကန့်စစ်သားတော့ မဟုတ်ဘူး၊ ‘ဝ’လောပန်းပဲ။ ၁ ရက်နေ့ကနေ ၇ ရက်နေ့အတွင်း ပစ္စည်းသိမ်းပြီး ထွက်ပေးဖို့ ပြောထားတာ သူတို့လည်း ထွက်ပေးမယ်လို့ ကတိပေးတယ်။ ဘာမှ ဆက်မလုပ်သေးဘူး၊ အဲ့မှာ ဘတ်ဖိုး ၂ စီးနဲ့ ရွှေကျင်ဖို့ ပစ္စည်းတွေ ချထားတာ ရှိတယ်”ဟု နမ့်ပေါင်ဒေသခံ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

SSPP ထိန်းချုပ်နယ်မြေရှိ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စုနှင့် မိုင်းရယ်မြို့နယ် စလန်းပုန်းထွန်ကျေးရွာ အုပ်စုကြား ရွှေတူးဖော်ရန် MNDAA ၏ သိန္နီခရိုင် အုပ်ချုပ်ရေးကော်မတီမှ ဇွန်လ ၇ ရက်တွင် အတည်ပြု ထောက်ခံပြီး တံဆိပ်တုံး ရိုက်နှိပ်ပေးထားသည်ကို သျှမ်းသံတော်ဆင့်မှ ရရှိသည့် ၎င်းထောက်ခံစာထဲတွင် တွေ့ရသည်။

အလားတူ မိုင်းရယ်မြို့နယ် စလန်းပုန်းထွန်ကျေးရွာအုပ်စုတွင်လည်း ရွှေတူးဖော်နေသည့် အဖွဲ့များလည်း ရှိနေပြီး မည်သည့်ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေသည်ကို မသိရဘဲ ရေထွက်နေရာများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးရကြောင်း ဒေသခံများက ပြောဆိုသည်။

Most read this week

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...