ကရင်နီတပ်များ တစ်နှစ်ကျော်ကြာ သိမ်းထားသည့် မိုးဗြဲမြို့ နေရာအချို့ကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်

ကရင်နီတပ်များ တစ်နှစ်ကျော်ကြာ သိမ်းထားသည့် မိုးဗြဲမြို့ နေရာအချို့ကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်

ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီတပ် အပြင်းအထန် ထိုးစစ်ဆင်ပြီးနောက် မိုးဗြဲမြို့လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ကရင်နီတော်လှန်ရေးတပ်များက ၂၀၂၃ နိုဝင်ဘာလအတွင်း ခြေမြန်တပ်ရင်း ( ခမရ) ၄၂၂ မှအပ မိုးဗြဲမြို့နှင့် မြို့ထဲရှိ စစ်တပ်စခန်းများကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

မိုးဗြဲမြို့ မြောက်ဘက် ၂ မိုင်ခန့်အကွာ မိုးဗြဲဆည်ဘေးရှိ စစ်ကောင်စီ ၏ ခမရ (၄၂၂) တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးဗြဲမြို့ကို ဦးတည်၍ ၂၀၂၄ နှစ်ကုန်ပိုင်းမှ စစ်ကြောင်းထိုးနေရာ ကရင်နီတော်လှန်ရေးတပ်များက ခုခံတိုက်နေလျက်ရှိသည်။

ယမန်နေ့ ဇူလိုင် ၂ ရက်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ပြီးနောက် မိုးဗြဲမြို့လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တမြို့လုံးကြီးကို စစ်ကောင်စီဘက် ပြန်လည်ထိန်းချုပ်လိုက်တယ်လို့တော့ မဟုတ်ဘူး။ လမ်းမကြီးကို ပြန်ရတာ။ တဖက်မှာ တော်လှန်ရေးတပ်ရှိနေသလို တစ်ဖက်မှာလည်း စစ်ကောင်စီဘက်က သာလွန်အင်အားနဲ့ စစ်ကြောင်းသုံးကြောင်းထိုးပြီး အသေခံတက်လာလို့ နည်းနည်းပြန်ဆုတ်ပေးလိုက်ရတာ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိ မိုးဗြဲမြို့ပေါ်၌ စစ်ကောင်စီတပ်များ အင်အားအဆမတန် ထိုးစစ်ဆင်ဝင်ရောက်လာသဖြင့် မိုးဗြဲမြို့အတွင်းရှိ အဓိကလမ်းမကြီးအား ပြည်သူများအနေဖြင့် လုံးဝဖြတ်သန်းသွားလာခြင်း မပြုကြရန် ကရင်နီတော်လှန်ရေးတပ်များက သတိပေးထုတ်ပြန်ထားသည်။

မိုးဗြဲမြို့ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေးတာဝန်ခံ တာအယ်စိုးကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်တလောတွင် ပြန်လည်ဖြေကြားခြင်း မရှိပေ။

စစ်ကောင်စီတပ်သည် မိုးဗြဲမြို့ကို ပြန်လည်ရရှိရန်အတွက် ပအိုဝ်းပြည်သူ့စစ် PNO နှင့် ပူးပေါင်းကာ စစ်ကြောင်းထိုးလျက်ရှိသည်။

ထို့ပြင် စစ်ကောင်စီ အားကိုး၊ အားထားပြုနေသော ပအိုဝ်းပြည်သူ့စစ် PNO သည် ရုရှားနည်းပြများဖြင့် ၅ လကြာ အထူးကွန်မန်ဒို သင်တန်းဆင်းပွဲကို ယခုနှစ်မေလက ပြုလုပ်ခဲ့ပြီးနောက် ဖယ်ခုံနှင့် ထိစပ်နေသော ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့၌ လှုပ်ရှားခဲ့ပြီး ဖယ်ခုံမြို့နယ်အရှေ့ခြမ်းထိ စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ စစ်ကြောင်းထိုးနေသည်။

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် စစ်ကောင်စီ ထိုးစစ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ မိုးဗြဲမြို့ပြည်သူ့ကာကွယ်ရေးတပ် (Mobye PDF)၊ ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (DMO-PDF)၊ မြို့ပြတော်လှန်ရေးတပ်ဦး (URF) စသည့် မဟာမိတ်များက ပူးပေါင်းပါဝင်တိုက်ခိုက်နေကြသည်။

ကရင်နီ (ကယား) ပြည်အတွက် တံခါးပေါက်အဖြစ် အရေးပါသော မိုးဗြဲမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက “၁၁၁၁ စစ်ဆင်ရေး” ကာလအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း မြို့နှင့် ၂ မိုင်ခန့်သာဝေးသည့် ခမရ ၄၂၂ တပ်စခန်းတစ်ခုကို မသိမ်းပိုက်နိုင်ဘဲ ကျန်ရှိခဲ့သည်။

စစ်ကောင်စီသည် ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့၌ လာမည့်ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန်နှင့် ထောက်ပို့ဆက်သွယ်ရေး လမ်းကြောင်းအတွက် အဓိကအရေးပါသော လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

Most read this week

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...