ကန့်ဘလူတွင် စစ်ကောင်စီစစ်ကြောင်းက ၃ ရက်အတွင်း ပြည်သူ ၉ ဦးကို ညှဉ်းပန်းသတ်ဖြတ်

ကန့်ဘလူတွင် စစ်ကောင်စီစစ်ကြောင်းက ၃ ရက်အတွင်း ပြည်သူ ၉ ဦးကို ညှဉ်းပန်းသတ်ဖြတ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တောင်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းက ၃ ရက်အတွင်း ကျေးရွာသုံးရွာမှ ပြည်သူ ၉ ဦးကို ညှဉ်းပန်းသတ်ဖြတ်သွားကြောင်း ကျွန်းလှမြို့နယ် တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့်ပါသည် စစ်ကြောင်းသည် ဇွန်လ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်အတွင်းရှိ သပြေသာ၊ ကျောင်းကုန်း စသည့် ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ဒေသခံ ၉ ဦးကို ဖမ်းဆီးညှဉ်းပန်းသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

သတ်ဖြတ်ခံရသူများအနက် ဆွံ့အ ပြည်သူတဦးလည်း ပါဝင်ကြောင်း သိရသည်။

ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့၏ စာရင်းအရ သတ်ဖြတ်ခံရသူများမှာ အသက် ၃၄ နှစ်မှ ၆၀ ကြားရှိ အမျိုးသားများဖြစ်ကြသည်။

သပြေသာရွာမှ ဦးလှိုင်းဇာဇာ (ဆွံ့အ ၅၀) နှစ်၊ ဦးအောင်နိုင် (၄၅) နှစ်၊ ဦးတရုတ်ကြီး (၄၅) နှစ်၊ ကိုမျိုးထက် (၃၄) နှစ်၊ ဖိုလ်ကုန်းရွာမှ ဦးဝင်း (၅၃) နှစ်၊ ဦးချစ်ဝင်း (၆၀) နှစ်နှင့် ကျောင်းကုန်းကျေးရွာမှ ကိုသိန်းတိုး (၃၇) နှစ်၊ ဦးမြင့်မောင် (၄၅) နှစ်နှင့် ဦးမျိုးဆန်း (၄၅) နှစ်တို့ သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ပြီး၊ အတော်များများမှာ လက်ပြန်ကြိုးတုပ်၍ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံခဲ့ရပြီး တဦးမှာ မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ထိုစစ်ကြောင်းသည် ဇွန်လ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ဝက်တိုး(တောင်) ရွာမှတဆင့် သပြေသာရွာနှင့် ကျောင်းကုန်းရွာသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ကာ ကျေးရွာအတွင်းရှိ ပြည်သူများအား ဖမ်းဆီးခြင်း၊ တန်ဖိုးကြီးပစ္စည်းများအား ယူဆောင်ခြင်းနှင့် နေအိမ်များအား မီးရှို့ခြင်းများကို သုံးရက် ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူကတဦးက “နှစ်ရွာပေါင်း မီးရှို့ခံရတဲ့အိမ်ခြေများနိုင်တယ်၊ မီးရှို့ခံရတဲ့ အိမ်ခြေအရေအတွက်နဲ့ ပျက်စီးဆုံးရှုံး စာရင်းကတော့ အတိအကျ မသိရသေးဘူး” ဟု မဇ္ဈိမသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ (ဇွန်လ ၂၆ ရက်) နံနက် ၉ နာရီခန့်တွင် သပြေသာရွာနှင့် ကျောင်းကုန်းရွာမှထွက်ခွါပြီး ဇီးကုန်းသကြားစက်သို့ ဝင်ရောက်သွားကာ ထိုမှတဆင့် မွန်းတည့် ၁၂ နာရီခန့်တွင် ဂွေးကုန်းရွာသို့ ရောက်ရှိသွားကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်စစ်ကြောင်းသည် ယမနေရွာမှ ပျူစောထီးများနင့် ထပ်မံ ပူးပေါင်းပြီးနောက် သရက်ဇောက်ကျေးရွာမှ အရှေ့ဖက်သို့ ဆက်လက်ထွက်ခွာနေကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသများအဖွဲ့ထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကြောင့် သပြေသာ၊ ကျောင်းကုန်းနှင့် အနီးအနားရှိကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...