အကျပ်အတည်းများကြောင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ မွတ်ဆလင်အချို့ ရခိုင်သို့ ဝင်ရောက်မှုရှိနေ

အကျပ်အတည်းများကြောင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ မွတ်ဆလင်အချို့ ရခိုင်သို့ ဝင်ရောက်မှုရှိနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် စားဝတ်နေရေးအပြင် အခြားအကျပ်အတည်းများကို ရင်ဆိုင်လာရသဖြင့် ဒုက္ခသည်စခန်းအတွင်းမှ မွတ်ဆလင်များမှာ မိသားစုအလိုက် ရခိုင်ပြည်ဘက်သို့ ပြန်လည်ဝင်ရောက်မှုများရှိနေကြောင်း DMG က စုံစမ်းသိရှိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က စားနပ်ရိက္ခာထောက်ပံ့မှုအဖြစ် ဒုက္ခသည်တစ်ဦးလျှင် လစဉ် ၁၂ ဒသမ ၅ ဒေါ်လာ ထောက်ပံ့ပေးရာကနေ ဧပြီလမှစတင်ကာ တစ်ဦးလျှင် ၆ ဒေါ်လာသာ ထောက်ပံ့ပေးလျက်ရှိသည်။

ဒုက္ခသည်များမှာ စခန်းအတွင်း စားနပ်ရိက္ခာ မလုံလောက်မှုနှင့်ကြုံလာရသဖြင့် ရခိုင်ဘက်သို့ သွားကြခြင်းဖြစ်သည်ဟု ကူတူပါလောင်ဒုက္ခသည်စခန်းမှ မွတ်ဆလင် အမျိုးသားတစ်ဦးကပြောသည်။

“ဒုက္ခသည်တွေက အပြင်မှာလည်းထွက်ပြီး အလုပ်လုပ်ခွင့် မရှိဘူး။ မိသားစုမှာ ကလေးငယ်တွေများတဲ့ မိသားစုတွေဆိုရင် ဘယ်လိုမှ လုံလောက်မှုမရှိကြဘူး။ တချို့သော မိသားစုတွေကတော့ သူတို့ဇာတိဖြစ်တဲ့ ရခိုင်ဖက်ကို ရွှေ့ပြောင်းကြတာတော့ရှိတယ်။ ဒါကလဲ မိသားစုအနည်းငယ်ခန့်သာ ဖြစ်ကြတယ်။ ဒုက္ခသည် စခန်းမှာတော့ ဘယ်လိုမှအဆင်မပြေကြဘူး” ဟု ၎င်းက DMG ကိုပြောသည်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ ရခိုင်သို့ ဝင်ရောက်လာကြသော မွတ်ဆလင်များမှာ မောင်တောမြို့နယ် မြောက်ပိုင်းရှိ မင်္ဂလာကြီး၊ ဦးရှဉ့်ကျ၊ ဦးသူလာ၊ ကျောက်လှေကား၊ လိပ်ရ စသည့်ကျေးရွာများနှင့် ဘူးသီးတောင်မြို့နယ်မှ ကျေးရွာအချို့တွင် ဝင်ရောက်နေထိုင်နေကြောင်း DMG က စုံစမ်းချက်အရ သိရသည်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်ဘက်မှ ဝင်ရောက်လာသည့် မွတ်ဆလင်ဒုက္ခသည် အရေအတွက်ကို အတိအကျမသိရပေ။

နိုင်ငံတကာအကျပ်အတည်းများလေ့လာရေးအဖွဲ့ (ICG) က ဇွန်လ ၁၈ ရက်နေ့ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့အစည်းများသည် အာရက္ခတပ်တော်ကို တိုက်ခိုက်ရန်အတွက် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် လူသစ်စုဆောင်းခြင်းနှင့် စစ်သင်တန်းပေးခြင်းများရှိနေကြောင်း ရေးသား ဖော်ပြထားသည်။

ဤဖြစ်စဉ်များကြောင့် AA နှင့် ဘင်္ဂလားဒေ့ရှ်အကြား ဆက်ဆံရေးတွင် အဖုအထစ်များဖြစ်လာနိုင်ပြီး ဒုက္ခသည် နေရပ်ပြန်ရေး အစီအစဉ်များလည်း နောက်ပြန်ဆုတ်သွားနိုင်သည်ဟု ICG က သုံးသပ်ထားသည်။

ICG အစီရင်ခံစာနှင့်ပတ်သက်ပြီး ကော့ဘဇားရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် မည်သည့် စစ်ရေးလှုပ်ရှားမှုမျိုးမှ မရှိဟု ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက ငြင်းဆိုလိုက်ကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒုက္ခသည်စခန်းများအတွင်း လက်နက်ကိုင်အဖွဲ့များမှ ဗိုလ်ကျစိုးမိုးမှုများရှိနေခြင်းမှာလည်း မွတ်ဆလင် ဒုက္ခသည်များကို ရခိုင်ဘက်သို့ပြန်သွားရန် တွန်းအားဖြစ်စေကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ ရခိုင်သို့ ပြန်ဝင်လာသော မွတ်ဆလင်ဒုက္ခသည်များနှင့် ပတ်သက်ပြီး အချို့ကို စိစစ်၍ရသော်လည်း အချို့မှာ စိစစ်ရန်ခက်ခဲကြောင်း အာရက္ခတပ်တော် (AA) နှင့် နီးစပ်သူတစ်ဦးကပြောသည်။

“သူတို့က မောင်တောမြောက်ပိုင်းက မွတ်ဆလင်ကျေးရွာတွေမှာ နေထိုင်ဖို့လာကြတာ။ တချို့ဝင်လာသူတွေကို စိစစ်လို့ရတယ်။ တချို့ ဝင်လာသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မသိလိုက်ရင် စိစစ်လို့မရတော့ဘူး” ဟု ၎င်းကပြောသည်။

၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော မောင်တောဒေသအရေးအခင်းတွင် စစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် မွတ်ဆလင် ၇ သိန်းကျော်မှာ ရခိုင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲများကြောင့်လည်း မွတ်ဆလင်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထပ်မံထွက်ပြေးမှုများရှိခဲ့သည်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းများတွင် မွတ်ဆလင်ဒုက္ခသည်အရေအတွက် လူဦးရေ ၁ ဒသမ ၂ သန်း အထိရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်းများက ပြောဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များကို ပြန်လည်လက်ခံရေးနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်နှင့် လက်ရှိစစ်ကောင်စီ လက်ထက်တို့တွင် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိသေးပေ။

မွတ်ဆလင်ဒုက္ခသည် အကျပ်အတည်းကြီးကို မဖြေရှင်းနိုင်လျှင် မကြာမီကာလအတွင်း ဒေသတွင်း လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာဖွယ်ရှိသည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး တိုဟစ်ဟူစိန်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဇွန်လ ၁၉ ရက်နေ့က ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိမှာ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်ကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားသဖြင့် မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်ရေးနှင့်ပတ်သက်ပြီး အာရက္ခတပ်တော်နှင့် ဆွေးနွေးရန်လိုအပ်ကြောင်း အကြံပြုချက်များ ထွက်ပေါ်လျက်ရှိနေသည်။

AA သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
June 3, 2026
စစ်အုပ်စုသည် ရခိုင်ပြည် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်...
၂၀၂၅၊ ဩဂုတ်လအတွင်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ - DMG
June 1, 2026
ရခိုင်ပြည်အတွင်း အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများကို လေကြောင်းနှင့်...
မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...