ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း PLA ဖမ်းမိသူများအတွင် ကလေးစစ်သားနှင့် ပေါ်တာဆွဲခံရသူများပါဝင်

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း PLA ဖမ်းမိသူများအတွင် ကလေးစစ်သားနှင့် ပေါ်တာဆွဲခံရသူများပါဝင်

ပုလဲမြို့၊ ကန့်ဒေါင့် စခန်းသိမ်းတိုက်ပွဲ၌ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများတွင် ကလေးစစ်သားတဦးအပါအဝင် ပေါ်တာ ဆွဲခံထားရသူ သုံးဦး နှင့် ရဲအရာခံဗိုလ်တဦး ပါဝင်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ ဖော်ပြထားသည့် စစ်ဆေးမေးမြန်းချက် ရုပ်သံအရ သိရသည်။

ဖမ်းဆီးခံရသည့် သုံ့ပန်း လေးဦးအနက် ကိုနေထက်လင်း (တတ ၁၃၉၂၆၃) သည် အသက် ၁၅ နှစ်သာရှိသေးပြီး ရန်ကုန်တွင် အကင်ရောင်းနေရင်း ပေါ်တာဆွဲခံရကာ စစ်ထဲရောက်လာခြင်းဖြစ်ကြောင်း PLA ၏ စစ်ဆေးမေးမြန်းမှုကို ဖြေဆိုထားသည်။

“စစ်ထဲရောက်တာကတော့ ရန်ကုန်မှာ အကင်ရောင်းနေရင်းနဲ့ ပေါ်တာနဲ့ မိတာ။ ပြီးတော့ သူတို့သင်တန်းကျောင်းကိုပို့တယ်။ အသက်က ၁၅ နှစ်” ဟု ၎င်းကဆိုသည်။

ပေါ်တာဆွဲခံရပြီးနောက် တောင်တွင်းကြီး စစ်အခြေခံလေ့ကျင့်ရေးတပ် အမှတ် (၇) တွင် သင်တန်း ငါးလတက်ရပြီး ပခုက္ကူ ခလရ (၂၅၁) တွင် မွမ်းမံသင်တန်း နှစ်ပတ် ထပ်တက်ပြီးနောက် တလခန့်အကြာတွင် ရဟတ်ယာဉ်ဖြင့် အင်မထီးရွာမှတဆင့် လက်နက်ခဲယမ်းယူကာ ရှေ့တန်းတိုက်ပွဲသို့ရောက်ရှိလာခြင်းဖြစ်ကြောင်း ကလေးစစ်သား စုဆောင်းခံရသူ နေထက်လင်းက ပြောသည်။

ဓါတ်ပုံ- ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် PLA မှ ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်းများ။ ဖမ်းဆီးခံရသူများအနက် တပ်သားနေထက်လင်းသည် အသက် ၁၅ နှစ်သာရှိသေးပြီး ပေါ်တာဆွဲခံရကာ စစ်ထဲရောက်လာခြင်းဟု ထွက်ဆိုထားသည်။

စစ်သုံ့ပန်း ကိုစိုးတာသည် ရန်ကုန်အဝေးပြေးကွင်း၌ ပေါ်တာဆွဲခံရပြီး ပင်လောင်းတွင် ငါးလနှင့်တပတ် တက်ရောက်ကာ ပခုက္ကူမြို့ တပ်မ (၁၀၁) ၌ မွန်းမံသင်တန်း နှစ်လခွဲတက်ရောက်ပြီး ထိုမှတဆင့် ရှေ့တန်းသို့ ရောက်ရှိလာခြင်းဟု ဆိုသည်။

ပြည်သူ့စစ်မှုထမ်းဖြင့် ပေါ်တာဆွဲခံရသည့် ရဲကျော်ကျော်သည် ဗထူး ရကတ (၁) တွင် စစ်သင်တန်းတက်ခဲ့ရပြီး ထိုမှတဆင့် တာဝန်အဆင့်ဆင့်ကျကာ ကန့်ဒေါင့်စခန်းတိုက်ပွဲတွင် ဒဏ်ရာဖြင့် ကျန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲအရာခံဗိုလ်အဆင့်ရှိ စစ်သုံ့ပန်း ရှိန်းကိုကိုကျော်သည်လည်း ကန့်ဒေါင့်မှ အင်မထီးဘက်သို့ ဆုတ်ခွာသည့်လမ်းတွင် တိုက်ခိုက်ခံရပြီး ဒဏ်ရာဖြင့် ကျန်ခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲတွင် ဒဏ်ရာရသူများကို ဆွဲခေါ်ခြင်းမပြုကြောင်းနှင့် အရာရှိများကိုသာ ပြန်ခေါ်ကြောင်း ဖမ်းဆီးရမိသည့် စစ်သုံံ့ပန်းများက တညီတညွတ်တည်း ထွက်ဆိုကြသည်။

“စစ်အာဏာရှင်အောက်မှာနေနေရင် သေရင်တောင်မှ လူလိုသေရမှာမဟုတ်ဘူး။ ခွေးလိုဝက်လို သေရမှာပဲ။ ဒီကောင်တွေက သူ့လူမှန်လည်း တက်မဆွဲကြဘူး။ အရာရှိမှန်မှ တက်ဆွဲကြတာ” ဟု ကိုနေထက်လင်းက ပြောသည်။

စစ်ကောင်စီ၏ ကန့်ဒေါင့်စခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်က ဇွန်လ ၂ ရက်နေ့ မနက် ၅ နာရီအချိန်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၁၉ ရက်၊ မနက် ၆ နာရီ မိနစ် ၄၀ တွင် စခန်းတခုလုံးကို သိမ်းပိုက်ရရှိခဲ့သည်။

ဖမ်းဆီးခံရသူများအနက် တပ်သားနေထက်လင်းသည် အသက် ၁၅ နှစ်သာရှိသေးပြီး ပေါ်တာဆွဲခံရကာ စစ်ထဲရောက်လာခြင်းဟု ထွက်ဆိုထားသည်။

တိုက်ပွဲများဖြစ်ပွားနေသည့် ဇွန်လ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် တိုက်ပွဲသို့ လေကြောင်းပစ်ကူလာပေးသော စစ်ကောင်စီ၏ F7 (Chengdu J-7) အမျိုးအစား တိုက်လေယာဉ်တစီးကို ပစ်ချနိုင်ခဲ့ပြီး ထိုလေယာဉ်သည် ပုလဲမြို့နယ် စပါးစေ့ကျေးရွာအတွင်းသို့ ထိုးစိုက်ပျက်ကျသွားပြီး လေယာဉ်မှူးလည်း ‌သေဆုံးသွားခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က အသိပေးထားသည်။

ကန့်ဒေါင့်ရဲစခန်းသည် အချက်အချာကျသော အာဆီယံလမ်းမကြီး (ပုလဲ -ဂန့်ဂေါ လမ်းပိုင်းပေါ်) တွင် တည်ရှိသည်။

အဆိုပါလမ်းသည် အိန္ဒိယနိုင်ငံအထိ သွားလာနိုင်သဖြင့် မဟာဗျူဟာအရ အလွန်အရေးပါသောနေရာ ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ကန့်ဒေါင့်မှ အနောက်မြောက်ဖက် မိုင် ၃၀ ကျော်အကွာတွင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ ၂၃) တည်ရှိပြီး အနောက်တောင်ဖက် ၃၅ မိုင် ခန့်တွင် (ကပစ ၂၄) တည်ရှိရာ စစ်ကောင်စီအတွက် အရေးပါသော စခန်းတခုဖြစ်သည်။

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...