ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းတခုမှ စာသင်ကျောင်းဆောင်နဲ့ ကျောင်းသုံးပစ္စည်းတွေ အရေးပေါ်လိုအပ်

ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းတခုမှ စာသင်ကျောင်းဆောင်နဲ့ ကျောင်းသုံးပစ္စည်းတွေ အရေးပေါ်လိုအပ်

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ စာသင်ကျောင်းဆောင်နဲ့ ကျောင်းသုံးပစ္စည်းတွေ အရေးပေါ် လိုအပ်နေကြတယ်လို့ ကျောင်းတာဝန်ရှိသူဆီကနေ သိရပါတယ်။

စာသင်ကျောင်းဆောင်မလုံလောက်တာကြောင့် လက်ရှိမှာ အလှည့်ကျစနစ်နဲ့ သင်ကြားပေးနေရတယ်လို့ အဆိုပါ စစ်ရှောင်စခန်းရဲ့ ကျောင်းတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ကျနော်တို့ ကျောင်း အရေးပေါ် လိုအပ်တာကတော့ အခန်းကာဖို့ မိုးကာလိုမယ်ပေါ့နော်။ ပြီးတော့ ဝိုက်ဘုတ် (Whiteboard) ၅ ချပ် လိုမယ်ပေါ့နော်။ လောလောဆယ် ကျနော်တို့ ကျောင်းဆောင်ကောင်းတာဆိုလို့ တစ်ဆောင်ပဲ ရှိတာပေါ့နော်။ အဲ့တာကို မူ နဲ့ လယ်က အလှည့်ကျသင်တယ်” လို့ ကျောင်းတာဝန်ရှိသူက ဆိုပါတယ်။

လက်ရှိမှာ ကျောင်းဖွင့်လှစ်နေပြီဖြစ်ပေမဲ့ စာသင်ကျောင်းဆောင်တစ်ဆောင်သာရှိပြီး အခန်းခွဲဖို့ ဘေးအကာတွေလည်း မဆောင်ရွက်ထားနိုင်ဘေးဘူးလို့ဆိုပါတယ်။

အဆိုပါ ကျောင်းဆောင်နဲ့ ကျောင်းသုံးပစ္စည်း လိုအပ်ချက်တွေကိုတော့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ စစ်ရှောင်ကူညီဆောင်ရွက်ရေးအဖွဲ့တွေဆီကနေ အကူအညီတောင်းခံ တင်ပြထားပေမဲ့ မရရှိသေးဘူးလို့လည်း သိရပါတယ်။

အဆိုပါ စစ်ရှောင်စခန်းက စာသင်ကျောင်းဆောင်တွေရဲ့ လိုအပ်ချက် အခြေအနေကို သွားရောက်တွေ့ရှိခဲ့တဲ့ စစ်ရှောင်ကူညီရေး Job For Kayah အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“အရင်နှစ်ကလည်း ဝါးနဲ့ မိုးကာနဲ့ဆိုတော့ ဖြစ်သလိုလေးပဲ အလွန်ဆုံး ၄ လကနေ ၆ လ အထိလောက်ပဲခံတာကို။ အခုက ကျောင်းဆောင်တခန်းပဲကိုမှ ဘေးကာတွေလည်းမရှိဘူး။ ခုံတွေကအစ ဝါးနဲ့ပဲလုပ်ထားတာပေ့ါနော်” လို့ Job For Kayah အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

စာသင်ကျောင်းဆောက်ဆောက်ဖို့မြေနေရာတွေကအစ လမ်းသွားလမ်းလာရေးတွေအဆုံး အခက်အခဲနေကြတယ်လို့လည်း သိရပါတယ်။

အဓိက စာသင်ဆောင်အတွက်အကူအညီရမှသာလျှင် ကလေးတွေကို တနေကုန် စာသင်ခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျောင်းသုံးပစ္စည်းတွေဖြစ်တဲ့ Whiteboard အပြင် အိမ်သာဆောက်လုပ်ဖို့လည်း လိုအပ်နေတယ်လို့ ကျောင်းတာဝန်ရှိသူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ကရင်နီပြည်အတွင်းက စစ်ရှောင်စာသင်ကျောင်းလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး Clean Yangon အဖွဲ့ကနေ ပံ့ပိုးကူညီသွားဖို့ကိုလည်း ကြေညာထားတာရှိပါတယ်။ လက်ရှိအရေးပေါ် လိုအပ်နေတဲ့ စစ်ရှောင်စာသင်ကျောင်းအတွက်ကိုတော့ စီစစ်ပြီး ကူညီသွားဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့ Clean Yangon အသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ဆီကို စာတွေတင်ထားတာရှိပါတယ်။ စီစစ်ပြီး ကူဖို့ ကြိုးစားနေဆဲပါ။ လိုနေတာကများနေတော့လေ။ လက်ရှိတော့ အဲ့ဖက် စစ်ရှောင်ကို မကူရသေးပါဘူး” လို့ Clean Yangon အသင်းကတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်းရဲ့ စာသင်ကျောင်းမှာတော့ Grade-1 ကနေ Grade-9 အထိဖွင့်လှစ်ထားပြီး ကျောင်းသား ၁၀၀ ဝန်းကျင်ရှိကာ ကျောင်းဆရာ/မ ၁၂ ဦးက သင်ကြားပေးနေကြတယ်လို့ သိရပါတယ်။

Most read this week

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...