ရွှေဈေးစံချိန်တင်မြင့်တက်မှု စစ်ကောင်စီ မထိန်းနိုင်

ရွှေဈေးစံချိန်တင်မြင့်တက်မှု စစ်ကောင်စီ မထိန်းနိုင်

ပြည်တွင်းမီးလင်းအခေါက် ရွှေဈေးဟာ ဇွန်လအတွင်း တဖြည်းဖြည်းစံချိန်တင် မြင့်တက်လာပေမယ့် စစ်ကောင်စီဘက်က ထိန်းချုပ်နိုင်ခြင်း မရှိသေးဘူးလို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်ကျပ်သားလျှင် ကျပ် သိန်း ၇၀ ဝန်းကျင်မှာသာ ရှိခဲ့တဲ့ ပြည်တွင်းမီးလင်းအခေါက်ရွှေဈေးဟာ ဇွန် ၁၆ ရက်နေ့မှာတော့ တစ်ကျပ်သားလျှင် ကျပ် ၈၁ သိန်းဝန်းကျင်အထိ စံချိန်တင်ဈေးနှုန်း မြင့်တက်လာခဲ့တာပါ။

ရွှေဈေးနှုန်း မြင့်တက်လာတာကြောင့် စစ်ကောင်စီက ရွှေဆိုင်လုပ်ငန်းရှင်တချို့ကို ဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ်နေပေမယ့် ပြည်တွင်းရွှေဈေးနှုန်း ပြန်လည်ကျဆင်းလာတာ မရှိသေးပါဘူး။

ရွှေလုပ်ငန်းရှင်တစ်ဦးကတော့ ရွှေဈေးနှုန်း မြင့်တက်လာရတာဟာ စီးပွားရေးသမားကြီးတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ မတိုင်ခင် ရွှေဈေးနှုန်းကို တောက်လျှောက် ဆွဲတင်နေတာကြောင့်လို့ ပြောပါတယ်။

“ရွှေဈေး တက်တယ်ဆိုတာကလေ ဒီနှစ်မှာ ရွေးကောက်ပွဲကို ဒီဇင်ဘာ သို့မဟုတ် ဇန်နဝါရီမှာ လုပ်မယ်ဆိုတာကို စီးပွားရေးသမား အကြီးကြီးတွေက သိထားတယ်။ သိထားတော့ ကာလုံမခေါ်ခင်မှာ သူတို့က နှစ်နေရာမှာ ကစားတယ်။ ရွှေရယ် မြေရယ်ပေါ့နော်။ ဒီရွှေဈေးကိုလည်း အဲဒီလိုမျိုးပဲ တောက်လျှောက် ဆွဲတင်တယ်၊ ဒေါ်လာဈေးက တက်မသွားဘဲနဲ့ ရွှေဈေးတစ်မျိုးဘဲ ဆက်တိုက်ပေါ့နော်” လို့ ဆိုပါတယ်။

ရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာမှုကြောင့် စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတဲ့အတွက် ရွှေရောင်းချတဲ့ ဆိုင်တချို့ အခေါက်ရွှေရောင်းချမှု ယာယီရပ်နာထားပေမယ့် မှောင်ခိုဈေးကွက်အနေနဲ့ အရောင်းအဝယ် ပြုလုပ်နေတာရှိတယ်လို့ သိရပါတယ်။

ရွှေဈေးနှုန်း စံချိန်တင် မြင့်တက်လာတာဟာ သာမန်မြင့်တက်မှုမျိုး မဟုတ်ဘဲ ဈေးကစားသူတွေရဲ့ ဈေးနှုန်း ဆွဲတင်မှုကြောင့် မြင့်တက်နေတာဖြစ်ပြီး ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ဝယ်ယူပါက ဆုံးရှုံးမှု များနိုင်တယ်လို့ ရွှေဆိုင်လုပ်ငန်းရှင်တွေက သတိပေးထားပါတယ်။

ရွှေဈေးနှုန်း စံချိန်တင်မြင့်တက်နေပေမယ့် စစ်ကောင်စီရဲ့ ဇွန် ၁၆ ရက်နေ့ ရွှေရည်ညွှန်းဈေးနှုန်းက တစ်ကျပ်သားလျှင် ကျပ် ၅၉ သိန်းသာ သတ်မှတ်ထားတဲ့အတွက်ကြောင့် ပြင်ပဈေးကွက်နဲ့ နှိုင်း ယှဉ်ရင် တစ်ကျပ်သားကို ကျပ် သိန်း ၂၀ ကျော် ဈေးနှုန်းကွာဟနေပါတယ်။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...