အကြမ်းဖက် စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ကျေညာရာတွင် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်မည်ဖြစ်ကြောင်း ပြောဆိုပြီး လက်တွေ့တွင် ရခိုင်ပြည်၊ သံတွဲမြို့နယ်မှ စစ်ဘေးရှာင်များ ခိုလှုံနေသည့် ကျေးရွာ ၂ ခုကို ညအချိန် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ အသက် ၁၂ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ဒဏ်ရာရသွားသူ ၈ ဦးရှိကာ ထိုအထဲမှ ၆ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီလေတပ်သည် ဇွန်လ ၇ ရက်နေ့ ည ၁၀ နာရီကျော်က သံတွဲမြို့ ရှိယခင် စစ်သား စုဆောင်းရေးဌာန အဆောက်အဦအပါအဝင် ကျောက်ကြီးနှင့် ပုဇွန်ဖြေကျေးရွာအတွင်းရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် စာသင်ကျောင်းများအား ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ကျောက်ကြီးရွာ ဗုံးကြဲမှုဖြစ်စဉ်တွင် ဆင်ဒင်ကြီးကျေးရွာမှနေ ကျောက်ကြီးရွာတွင် စစ်ဘေးရှောင် နေကြသည့် မိသားစု တစ်စုထဲမှ ဦးထွန်းထွန်း၀င်း (၄၂ နှစ်)၊ဒေါ်နှင်းဝေခိုင် (၄၃ နှစ်)နှင့်မဧပြီမိုး (၁၂ နှစ်)သေဆုံးခဲ့ရပြီးမောင်ရွှေလေးရွာကနေကျောက်ကြီးရွာ၌ စစ်ဘေးရှောင်နေသူ ဒေါ်အပု (၄၈ နှစ်)လည်းသေဆုံးခဲ့ရသည်။
ယင်းအပြင် ကျောက်ကြီးရွာတွင် နေထိုင်သူ ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ၆ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသည်ဟု သတင်းရရှိသည်။
စစ်ကောင်စီသည် ကျောက်ကြီးရွာကို ဇွန်လ ၇ ရက်နေ့ည ၁၀ နာရီ ၁၄ မိနစ်တွင် တစ်ကြိမ်၊ ည ၁၀ နာရီ ၂၅ မိနစ်တွင် တကြိမ်၊ ဗုံး ၂ လုံး ကြဲချခဲ့သည်ဟုဒေသခံများက ပြောသည်။
၎င်းပြင် စစ်ကောင်စီလေတပ် ဂျက်တိုက်လေယာဉ်သည် ည ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် ပုဇွန်ဖြေရွာစာသင် ကျောင်းကိုနှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။
၎င်းကျေးရွာ၂ ခုဖြစ်သည့် ကျောက်ကြီးရွာနှင့် ပုဇွန်ဖြေရွာကိုဗုံးကြဲတိုက်ခိုက်သဖြင့် စာသင်ကျောင်းဆောင်များ ပျက်စီးသွားခဲ့သလိုအနီးပအနားရှိ နေအိမ်အများအပြားလည်း ပျက်စီးသွားခဲ့သည်ဟုဆိုသည်။
အကြမ်းဖက် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်သည် ညအချိန်၁၀ နာရီ ၃၈ မိနစ်တွင်လည်း သံတွဲမြို့၊အမှတ်(၈/က)၊ (၆) လမ်းနှင့်(၇) လမ်းကြားရှိယခင် စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်းရေးတပ်ဌာနအဆောင်များကိုလည်းဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ အဆိုပါ အဆောက်အဦတွင် လူမနေ၍ ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာမရှိဟု သိရသည်။
ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် ဒေသများကို ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေး လုပ်ငန်းများကို လုပ်ဆောင်ရန် ဇွန်လ ၁ ရက်မှ ၃၀ ရက်နေ့ထိ ပစ်ခတ်တိုက်ခိုက်မှု ယာယီရပ်စဲ ထားမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီက မေလ (၃၁) ရက်နေ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ပျက်စီးစေခြင်းများကို ပြုလုပ်ပါ ပြည်သူလူထုကို ကာကွယ်သေားအားဖြင့် တပ်မတော်အနေဖြင့် လိုအပ်သလို တုန့်ပြန်မှုများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အချက်တစ်ချက်ကို ထည့်သွင်း ဖော်ပြထားသော်လည်း လက်တွေ့တွင် စစ်ကောင်စီက အပြစ်မဲ့ပြည်သူများနေထိုင်ရာကျေးရွာများကို ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် မေလ အပစ်ရပ်ထားသည့် ကာလအတွင်းကလည်း ရသေ့တောင်မြို့နယ် ထွန်းရဝေရွာဟောင်းနှင့် ကျောက်တော်မြို့ပေါ် ရပ်ကွက်များကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ အရပ်သား အနည်းဆုံး ၂၀ ကျော်သေဆုံးခဲ့ရသည်။







