ချင်းတောင်တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ချင်းဒေသကာကွယ်ရေးတပ်များ တီးတိန်မြို့နယ် မွာလ်ပီးရွာအနီးမှာ တိုက်ပွဲစတင်ဖြစ်ပွါး

ချင်းတောင်တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ချင်းဒေသကာကွယ်ရေးတပ်များ တီးတိန်မြို့နယ် မွာလ်ပီးရွာအနီးမှာ တိုက်ပွဲစတင်ဖြစ်ပွါး

ယမန်နေ့ မေလ ၂၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခန့်မှာ CDF-CDM-Siyin အပါအဝင် ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ ဒီရက်ပိုင်းအတွင်း ကလေးမြို့ကနေ ချင်းတောင်ကို ချီတက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တို့ တီးတိန်မြို့နယ် မွာလ်ပီးရွာအောက်နားတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွါးနေတယ်လို့ ဒေသခံများထံမှ သိရှိရပါတယ်။

“ဒီနေ့ မနက် ၁၀ နာရီကျော်ကျော်ကနေစပြီး ပစ်ခတ်သံတွေ စကြားရတယ်။ လက်နက်ကြီး ပေါက်ကွဲသံတွေလည်း ကြားနေရပါတယ်။ မွာလ်ပီးရွာဘက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ စစ်သားတွေ ထိတွေ့တိုက်ပွဲဖြစ်တာလို့ ကြားရတယ်” လို့ ခိုင်ကမ်းမြို့နေ ဒေသခံတစ်ဦးက Chin World Media ကို ပြောပါတယ်။

လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ “ဖြစ်နေတာက ရှုခင်းသာနှင့် မွာလ်ပီးရွာကြား တနေရာမှာပါ။ နေရာ အတိအကျပြောလို့ အဆင်မပြေသေးဘူး။ တခြား ဒေသကာကွယ်ရေးတပ်ဖွဲ့တွေလည်း ရောက်လာကြပါတယ်။ ဘယ်အဖွဲ့တွေလဲဆိုတာတော့ အချိန်တန်ရင် အဖွဲ့အစည်းတွေက ထုတ်ပြန်မှာပါ။ လက်ရှိမှာ မိုးအရမ်းသည်းနေတော့ အားလုံး အခက်အခဲဖြစ်နေတယ်။ လက်နက်ကြီးတွေတော့ ကြိုကြားကြိုကြား ပစ်ဖောက်နေဆဲပါပဲ”  လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ နဲ့ နီးစပ်သူတစ်ဦးက Chin World Media ကို ပြောပါတယ်။

မေလ ၁၉ ရက်နေ့ မနက် ၄ နာရီခန့်မှာ အင်အား ၂၀၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်တပ်ဟာ စစ်ကား ၁၅ စီးခန့်ဖြင့် ချင်းတောင်ဘက်သို့ စစ်ကြောင်းထိုး ချီတက်လာကာ ခိုင်ကမ်းမြို့ ရဲစခန်းကနေ ချင်းတောင်တက်မယ့် ကားအားလုံး ပိတ်ဆို့တားမြစ်ခဲ့ပါတယ်။

တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ CDF-CDM-Syin ကလည်း မေလ ၂၀ ရက်ကနေစပြီး ကလေး-သိုင်းငင်း လမ်းမကြီးကို ယာယီ ပိတ်ထားလိုက်ကြောင်း ကြေငြာခဲ့ပါတယ်။

မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ မြို့နယ်အများစုကို ချင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပြီး ဟားခါးနဲ့ တီးတိန်မြို့ ၂ မြို့ကိုသာ စစ်ကောင်စီတပ်က ထိန်းချုပ်ထားနိုင်ပါတော့တယ်။

July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...
July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...
July 14, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့်...