မောင်တောတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ကို AA ပြန်လွှတ်ပေး

မောင်တောတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ကို AA ပြန်လွှတ်ပေး
မောင်တောတိုက်ပွဲအတွင်းဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို AA က စောင့်ရှောက်ထားသည်ကို တွေ့ရစဉ်။
မောင်တောတိုက်ပွဲအတွင်းဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို AA က စောင့်ရှောက်ထားသည်ကို တွေ့ရစဉ်။

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် မြို့သိမ်းတိုက်ပွဲကာလအတွင်း လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် ၃၀ ကျော်ကို အာရက္ခတပ်တော် (AA) က ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

AA ထံ လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် ၃၂ ဦးကို ယမန်နေ့ မေ ၁၉ ရက်တွင် တစ်ဦးလျှင် လမ်းစရိတ် ကျပ်သုံးသိန်းစီ ထောက်ပံ့ကာ AA က ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ULA/AA နှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မနေ့က အခမ်းအနားသေချာပြုလုပ်ပေးပြီး သက်ဆိုင်ရာမိသားစုဝင်တွေနဲ့ချိတ်ဆက်ပြီး ပြန်လွှတ်ပေးလိုက်ပါတယ်" ဟု ပြောသည်။

သူတို့ကို အသက်လုံခြုံရေးအတွက် အကာအကွယ်ယူပြီး အန္တရာယ်ကင်းသည့်နေရာအထိ ပို့ဆောင်ပေးခဲ့သည်ဟု သူက ပြောသည်။

"လုံခြုံရေးတွေနဲ့ အကာကွယ်ယူပြီး အာရက္ခတပ်တော်ဖက်က သူတို့ သွားလိုတဲ့ နေရာတွေအထိ ပို့ဆောင်ပေးခဲ့ပါတယ်" ဟု ပြောသည်။

AA သည် မောင်တောမြို့နယ်တစ်ခုလုံးကို ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

AA သည် ရခိုင်ပြည်အတွင်း မြို့သိမ်းတိုက်ပွဲများဖြစ်ပွားနေချိန် AA ထံ လက်နက်ချအလင်းဝင်လာသူများ၊ တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများနှင့် စစ်သုံ့ပန်းများ၏ မိသားစုဝင်များကို ယခုနောက်ပိုင်း အသုတ်လိုက် လွှတ်ပေးလျက်ရှိရာ လက်ရှိအချိန်တွင် လွှတ်ပေးသူ တစ်ထောင်ကျော်သွားပြီဟု သိရသည်။

မေလ ၁၈ ရက်ကလည်း ဘူးသီးတောင်မြို့နယ်မှ စစ်သုံ့ပန်းမိသားစုဝင် ၃ဝဝ ကျော်ကို AA က အခမ်းအနားဖြင့် မိသားစုထံ လွှဲပြောင်းပေးကြောင်း သိရသည်။

မေလ ၁၆ ရက်ကလည်း မင်းပြားမြို့ မြို့သိမ်းတိုက်ပွဲအတွင်းက ဖမ်းဆီးရရှိခဲ့သော စစ်သုံ့ပန်းနှင့် မိသားစုဝင် ၂၂၅ ဦးကို AA က လွတ်ငြိမ်းခွင့်ပေးခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့ကလည်း မင်းပြားမြို့သိမ်းတိုက်ပွဲမှဖမ်းဆီးရမိသည့် စစ်သုံ့ပန်းနှင့် မိသားစု ၁၇၀ ဦးကို AA က ပြန်လွှတ်ပေးခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလပထမပတ်အတွင်းကလည်း AA က ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းမိသားစုဝင် ၁၁၆ ဦးနှင့် အရပ်သား အကျဉ်းသား ၂၆ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့သည်။

ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...