ခရီးသွားခွင့်ပြုသည့် ပုံစုံ (၄) ကို ထုတ်ပေးရန် လနှင့်ချီပြီး ကြန့်ကြာနေမှုရှိနေ၍ စစ်တွေမှ ရန်ကုန်သို့ သွားရောက်ဆေးကုကြမည့် မွတ်ဆလင်ဒေသခံပြည်သူများမှာ မသေသင့်ဘဲ သေဆုံးနေကြရဟု မွတ်ဆလင် လူကြီးတစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
“ကျွန်တော်တို့ စစ်တွေက မွတ်ဆလင်တွေ လက်ရှိ အခက်အခဲကြုံနေရတာက စစ်တွေကနေ ရန်ကုန်ကို ဆေးကုသဖို့ သွားမယ့်နေရာမှာ ခရီးသွားလာခွင့် ပုံစံ (၄) ကို သက်ဆိုင်ရာ လ၀က ကနေ အချိန်မှီ မထုတ်ပေးဘူး။ အရင်က ထုတ်ပေးပေမယ့် အခုက အချိန်ကြာကြီး စောင့်ဆိုင်းနေရတယ်။ ကျန်းမာရေးမကောင်းလို့ ဆေးကုသွားမယ်ဆိုပါမှ ခုလို အချိန်ကြာတော့ လူတွေ မသေသင့်ဘဲ သေဆုံးနေကြရတယ်။ သိပ်မကြာခင်ကလည်း ကျွန်တော့်မိတ်ဆွေတစ်ယောက် ရန်ကုန်ကို ဆေးကုသွားဖို့ အိမ်ပေါင်ထားပြီးသွားဖို့ စီစဉ်ပေမယ့် ပုံစံ (၄) တင်ထားတာ ကျမလာလို့ သေဆုံးသွားခဲ့ရတယ်” ဟု ပြောသည်။
ပုံစံ (၄) ဆိုသည်မှာ မှတ်ပုံတင် အထောက်အထားမရှိသည့် ရခိုင်မှ မွတ်စလင်များအား ထုတ်ပေးသည့် ခရီးသွားလာခွင့်ဖြစ်ပြီး မြို့နယ်၊ ခရိုင်၊ ပြည်နယ်ကို ကျော်လွန်၍ ခရီးသွားလာလိုပါက စစ်ကောင်စီထံ အဆိုပါ ပုံစံ (၄) ကို လျှောက်ထားကြရသည်။
အဆိုပါ ပုံစံ (၄) မယူဆောင်ဘဲ ခရီးသွားပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၁၈၈) အရ ထိရောက်စွာ အရေးယူခံရပြီး ဖမ်းဆီးခံရပါက ပြန်လွှတ်ရန်အတွက်လည်း တရားမဝင် ငွေကြေးများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များကို ပေးဆောင်ကြရသည်ဟု ဆိုသည်။
အဆိုပါ ခရီးသွားခွင့် ပုံစံ (၄) အား စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် လ၀ကမှ ရန်ကုန်တိုင်း လ၀က ထိ တင်ပြရပြီး ရန်ကုန်တိုင်း လ၀က ခွင့်ပြုချက်ရမှ ရခိုင် လ၀ကမှ ၎င်း ပုံစံ (၄) ကို ထုတ်ပေးသည်ဟု ဆိုသည်။
“ကျွန်တော်တို့ မွတ်ဆလင်တွေ အများစုမှာ မှတ်ပုံတင် မရှိဘူး။ လျှောက်ထားရင်လည်း တစ်နှစ်ကြာလည်း မရဘူး။ ၂ နှစ်ကြာလည်း မရဘူး။ နောက်ဆုံး ဆေးကုသခံယူဖို့အတွက် (ပုံစံ ၄) လျှောက်ထားပြီး ၄၅ ရက်ခွင့်ပြုချက်နဲ့ ရန်ကုန်မြို့ကို လာကြတယ်။ ဒီပုံစံ (၄) ကို အရင်က ထုတ်ပေးပေမယ့် အခုက မရဘူး။ အခု စစ်တွေမြို့ လဝက စစ်ဆေးပြီး စစ်တပ်ရုံးလား၊ နယ်မြေမှူးရုံးလားမသိဘူး တင်ရတယ်။ အခု နယ်မြေမှူးဆိုသူက လက်မှတ်မထိုးဘူး။ ဒီနေ့လာခဲ့။ မနက်ဖြန်လာခဲ့။ ဒီလိုနဲ့ ၃ လ၊ ၄ လကြာအောင် လက်မှတ်မထိုးပဲနဲ့ ရက်ဆွဲနေတယ်။ အချိန်ဖြုန်းနေတယ်။ ဆေးကုသခံရမယ့်လူနာက သေတယ်” ဟု ပြောဆိုသည်။
သို့အတွက် ရခိုင်ပြည်နယ် စစ်ကောင်စီနှင့် ရခိုင်ပြည်နယ် လ၀ကတို့မှ ကျန်းမာရေးအရ ဆေးကုသမည့် လူနာများအား အချိန်မီ ခရီးသွားလာခွင့် ပုံစံ (၄) ကို ထုတ်ပေးစေချင်သည်ဟု ၎င်းက ပြောသည်။
နောက်ထပ်မွတ်ဆလင် ကျောင်းသားတစ်ဦးကလည်း စစ်တွေမြို့တွင် ကျန်းမာရေးစစ်ဆေးမည့် စက်ကရိယာများလည်း အပြည့်အစုံမရှိသလို ကုသပေးနိုင်သည့် ဆရာဝန်များလည်း အလုံအလောက် မရှိသဖြင့် ရန်ကုန်သို့ ဆေးကုသရန် သွားရောက်ကြရပြီး လက်ရှိ ပုံစံ (၄) မထုတ်ပေး၍ ယခုလို အခက်ကြုံနေကြရခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျန်းမာရေးအရ ဆေးကုသဖို့ သွားခွင့်တောင် မရတော့ဘူး။ ဒါက ဘာသာခြားဆိုပြီး ခွဲခြားဆက်ဆံတယ်လို့ ပြောလိုပါတယ်။ စစ်တွေမှာရှိတဲ့ မွတ်ဆလင်တွေကို အခွင့်အရေးပေးတယ်လို့ အများက ထင်နေကြပေမယ့် လက်တွေ့မှာ ဒုက္ခပေါင်းစုံ ကြုံတွေ့နေကြရပါတယ်။ ဖုန်းနဲ့ အင်တာနက်လည်း အဖြတ်ခံနေရတယ်။ ကျန်းမာရေးမကောင်းလို့ ရန်ကုန်ကိုသွားပြီး ဆေးကုဖို့တောင် ခွင့်ပြုချက်မရှိပါဘူး” ဟု ပြောကြားသည်။
လက်ရှိ စစ်တွေမြို့ပြင်တွင် နေထိုင်ကြသည့် မွတ်ဆလင်များကို နိုင်ငံသားပေးမည်၊ မှတ်ပုံတင်ပေးမည်ဟုဆိုကာ မက်လုံးအမျိုးမျိုးပေးပြီး ပြည်သူ့စစ် စစ်မှုထမ်းရန် ခိုင်းစေနေသော်လည်း လက်တွေ့တွင် မည်သည့်အခွင့်အရေးကိုမျှ ပေးခြင်းမရှိသေးကြောင်း သိရသည်။







