အာဏာသိမ်းစစ်တပ်က ကချင်ပြည်နယ် ဖားကန့်ဘက်ကို စစ်မျက်နှာ ၃ ခုကနေ ထိုးစစ်ဆင်နေတဲ့အတွက် ဖားကန့်လမ်းပိုင်းမှာ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ တတိယပတ်ကစပြီး စစ်ကောင်စီတပ်က ဖားကန့်မြို့ထဲဝင်နိုင်တဲ့ ကားမိုင်း- ဖားကန့်လမ်း၊ အင်းတော်ကြီး- ဖားကန့်လမ်း၊ ဖားကန့်- ဆယ်ဇင်း - တာမခံ- လမ်းကြောင်းတွေကနေ ဖားကန့်ဘက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာပါ။
အဲဒီထဲကမှ ကားမိုင်းကနေတက်လာတဲ့ စစ်ကြောင်းဟာ မေလ ၇ ရက်နေ့ ဆိုင်းဖရာရွာထဲရောက်ရှိနေပြီး KIA သိမ်းပိုက်နယ်မြေဖြစ်တဲ့ နန့်တိန့်ကျေးရွာဘက်ကို ဦးတည်ကာ စစ်ကြောင်းထွက်ခွာဖို့ ကြိုးစားနေတဲ့အတွက် ဂေါ့လူယန်၊ ခွမ်စိုင်ယန်၊ တံတားညီနောင် လမ်းတစ်လျှောက်မှာ စစ်ရေးတင်းမာနေတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။
“ဒီကနေ့ ဂေါ့လူယန်၊ ခွမ်စိုင်ဇွပ် လမ်းကြောင်းဘက်ကို စစ်တပ်နဲ့ KIA တပ်ဖွဲ့တွေ စစ်ရေးတင်းမာမှုပြန်ဖြစ်နေပြီ။ ဂေါ့လူယန်ဆိုတာက ဆိုင်းဖရာကျေးရွာကျော်တာနဲ့ ရောက်ပြီ။ အခုစစ်ကောင်စီတပ် စစ်ကြောင်းတွေက နန်တိန့်ဘက်ကို ပြန်ထိုးဖို့ လုပ်နေတာ။ အဲ့ကြောင့် ဂေါ့လူယန်နဲ့ ခွမ်စိုင်ဇွပ်၊ တံတားညီနောင် အဲဒီဘက်မှာ တိုက်ပွဲပြန်ဖြစ်နေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဧပြီလ ၂၃ ရက်စပြီး ကားမိုင်း - ဖားကန့်လမ်းကနေ စစ်အင်အား ၅၀၀ ခန့်အသုံးပြုပြီး လေကြောင်းအကူနဲ့ ဆိုင်းဖရာကျေးရွာကို ဝင်ရောက်သွားနိုင်ခဲ့ပေမယ့် KIA ရဲ့ ပိတ်ဆို့တိုက်ခိုက်ခံရတဲ့အတွက် ဆက်တက်လို့မရဘဲ ဆိုင်းဖရာနဲ့ ဂေါ့လူယန်ကျေးရွာမှာ တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။
အလားတူ နောက်ထပ် အင်းတော်ကြီး - ဖားကန့်လမ်းကြောင်းကနေတက်လာတဲ့ စစ်အင်အား ၅၀၀ ခန့်ကလည်း စစ်ကြောင်း နှစ်ဖွဲ့ ခွဲကာ နန့်မွန်း - ချောင်းဝလမ်းနဲ့ နန့်မွန်း - မိုင်းနောင် - ဂွေခါလမ်းဘက်ကနေ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
နန့်မွန် - ချောင်းဝ ဘက်ကနေ စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းအဖွဲ့တွေက ဆနွန်းကုန်းနဲ့ အင်းသာကျေးရွာတွေမှာ ရောက်ရှိနေပြီး၊ နန့်မွန်း - မိုင်းနောင် - ဂွေခါလမ်းဘက်ကနေ တက်လာတဲ့ စစ်ကြောင်းအဖွဲ့တွေက ရွှေလက်ပံကျေးရွာမှာ ရောက်ရှိနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လက်ရှိ မိုင်းနောင် - ဂွေခါလမ်းကြောင်းကနေ တက်လာတဲ့ စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်တွေက ဖားကန့်ဘက်ခြမ်းကို ဆက်သွားနိုင်ဖို့ရန်အတွက် မိုင်းနောင်၊ မမုံကိုင်၊ လုံးတုံ စတဲ့ ကျေးရွာတွေမှာ ရွှေတူးဖော်နေတဲ့ ရွှေလုပ်ငန်းရှင်တွေကို ခေါ်ယူပြီး လမ်းကြောင်းဖယ်ရှားပေးဖို့ တစ်ဆင့်ခံ တောင်းဆိုခိုင်းတာတွေရှိတယ်လို့ အဲဒီဒေသက အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။
"ဒီမှာ ဖြတ်သွားဖြတ်လာလုပ်တဲ့သူတွေကို မေးကြည့်တော့ ဆနွန်းကုန်း - အင်းသာဘက်မှာလည်း စစ်တပ်နဲ့ ရှမ်းနီအဖွဲ့တစ်ဖွဲ့ရှိတယ်တဲ့။ ပြီးရင် မိုင်းနောင် - ရွှေလက်ပံဘက်မှာ နောက်တစ်ဖွဲ့ ရှိတယ်။ နောက်တစ်ခုက မိုင်းနောင်နဲ့ အနီးဆုံးနေရာမှာရှိတဲ့ မဂွေဘော်ဘွမ့် (Magwi Baw Bum) မှာလည်း SNA တပ်တွေရှိတယ်တဲ့။ ဒီရက်ပိုင်းအတွင်းမှာ မိုင်းနောင်၊ မမုံကိုင်၊ လုံးတုံ တစ်ကြောမှာ ရွှေတူးဖော်နေတဲ့ လုပ်ငန်းရှင်တွေကို SNA အဖွဲ့က ခေါ်ပြီးတော့ KIA နဲ့ PDF အဖွဲ့တွေကို လမ်းဖယ်ပေးဖို့ ခေါ်ယူပြောဆိုခိုင်းတယ်။ တကယ်လို့ မဖယ်ပေးရင် လေကြောင်းနဲ့ တိုက်ခိုက်ပေးလို့ ပြောဆိုလိုက်တယ်ဆိုပြီး ဒီက ရွှေလုပ်ငန်းရှင်တွေကပြောတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့အပတ် မေလဆန်းပိုင်းအတွင်းမှာပဲ မိုင်းနောင်၊ မမုံကိုင်၊ လုံးတုံစတဲ့ ကျေးရွာတွေမှာ ရွှေလုပ်ငန်းရှင်တွေကို နန့်မွန်မြို့မှာ ခေါ်ယူပြီး ရှမ်းနီ SNA တပ်ဖွဲ့တွေက ပြောဆိုခိုင်းတယ်လို့ သိရပါတယ်။
ဒီရက်ပိုင်း အင်းတော်ကြီးဒေသ၊ နန့်မွန်၊ မိုင်းနောင် ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်ကြား ကြီးကြီးမားမား တိုက်ပွဲဖြစ်ပွားတာ၊ လေယာဉ်နဲ့ လာရောက်ခတ်တာတွေမရှိသေးပေမယ့် စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့အတွက် စစ်ရေးတင်းမာမှုဖြစ်နေတာဖြစ်ပါတယ်။
အလားတူ မေလဆန်းပိုင်းမှာနောက်ထပ် ဖားကန့်လမ်းဝင်ပေါက်ဖြစ်တဲ့ ဆယ်ဇင်း၊ တာမခံလမ်းဘက်မှာလည်း စစ်အင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေက ချင်းတွင်းမြစ်ကိုဖြတ်ပြီး ဖားကန့်ဘက်ကို ဝင်ရောက်ဖို့ ကြိုးစားနေတယ်လို့လည်း ဒေသခံတွေ ပြောပါတယ်။
လက်ရှိ အဲဒီဒေသမှာဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဖုန်းလိုင်းအခက်အခဲကြောင့် အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။
အခုလို ဖားကန့် ဒေသဘက်ကို စစ်ကောင်စီတပ် စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာနဲ့ပတ်သက်ပြီး ရန်နိုင်စစ်ဆင်ရေး ခေါင်းစဉ်နဲ့ ၂၀၂၄ ခုနှစ်အတွင်း လက်လွှတ်လိုက်ရတဲ့ တပ်ရင်းနေရာတွေကို ပြန်လည်သိမ်းပိုက်ဖို့ အထက်အမိန့်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေတာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ပြောဆိုထားပါတယ်။
ဒါ့အပြင် ဖားကန့် ဒေသဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အခြေအနေမှာလည်း စစ်ရေးအရ ဗန်းမော်တိုက်ပွဲကြောင့် တစ်ဖက်မှာ စစ်မျက်နှာပြန်ဖွင့်လိုက်တာလည်း ဖြစ်နိုင်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။







