လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေကို သင်္ဂြိုဟ်ပေးနိုင်ခြင်းမရှိခဲ့ဘူးလို့ စစ်ရှောင်တွေပြော

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေကို သင်္ဂြိုဟ်ပေးနိုင်ခြင်းမရှိခဲ့ဘူးလို့ စစ်ရှောင်တွေပြော

ကချင်ပြည်နယ် ဗန်းမော်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ စစ်ရှောင်ပြည်သူတွေကို သင်္ဂြိုဟ်ပေးနိုင်ခြင်းမရှိပဲ ပစ်ထားခဲ့ရတယ်လို့ စစ်ရှောင်တွေပြောပါတယ်။

ဖြစ်စဉ်မှာ မေလ ၈ ရက်နေ့ မနက် ၅ နာရီဝန်းကျင် ဗန်း‌မော်စစ်ရှောင်အများစုခိုလှုံနေတဲ့ ဗန်းမော်မြို့၊ ညောင်ပင်ရပ် ရပ်ကွက်၊ ကမ်းနားရိပ်သာဘုန်းကြီးကျောင်းနေရာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ နှစ်ကြိမ်ဗုံးကြဲသွားတာကြောင့် ပြည်သူ ၁၅ ဦးသေဆုံးပြီး နောက်ထပ် ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

"သေတဲ့သူတွေကို ဒီတိုင်းပဲထားခဲ့ရတာ။ ဒဏ်ရာရတဲ့သူတော့ ကျောပိုးနိုင်တဲ့သူ ပိုးပြီးပြေးကြတာလေ။ နောက်ကိုလည်း လှည့်မကြည့်အားဘူး။ ကျနော်လည်း အသက် ၁၀၀ ဝန်းကျင်ရှိတဲ့အဖွားကို ပိုးပြီးပြေးခဲ့ရတယ်" လို့ ဗန်းမော်စစ်ရှောင် အမျိုးသားတစ်ဦး ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအတွင်း အဖွားအို ၂ ဦး၊ ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးသလို ဘုန်းကြီးကျောင်းအပြင်မှာ သေဆုံးထားသူတွေလည်း ဆယ်ဂဏာန်းရှိတယ်လို့ စစ်ရှောင်တွေ ပြောပါတယ်။

"သူ့လူကိုယ့်လူတောင် မသိကြတော့ဘူး။ ဗုံးက ၂ လုံးလာကြဲတာလေ အားလုံးငိုတဲ့သူငို အော်တဲ့သူအော်နဲ့ ပြေးကြတာ ဘယ်လိုဖြစ်သွားမှန်းတောင် မသိတော့ဘူး" လို့ နောက်ထပ် စစ်ရှောင်အမျိုသားတစ်ဦးက ပြောပါတယ်။

ဗုံးကြဲခံရပြီးနောက် ထိခိုက်ဒဏ်ရာရသူနဲ့ကျန်ရှိစစ်ရှောင် ၃၇၀ ခန့်ကို KIA ပူးပေါင်းတပ်က ဘေးလွှတ်ရာ ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် သေဆုံးသွားသူတွေကို သင်္ဂြိုဟ်ပေးနိုင်ခြင်းမရှိခဲ့ဘူးလို့ KIA တပ်ဖွဲ့ဝင်တစ်ဦးကလည်း ခုလိုပြောပါတယ်။

"ကျနော်တို့လည်း ရန်သူ့အန္တရယ်က စိုးရိမ်ရ သူတို့ကိုလည်း ကယ်ထုတ်ရတော့ သေတဲ့သူဆို ဒီတိုင်းပစ်ထားခဲ့ရပြီ။ ဘာမှမလုပ်ပေးနိုင်ခဲ့လို့ စိတ်မကောင်းဘူး" လို့ ပြောပါတယ်။

ဒါပေမယ့် ဒီသတင်းနဲ့ပတ်သက်ပြီး စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်မှာတော့ ရန်သူခိုအောင်းရာနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အကျယ်တဝင့် ဖော်ပြနေကြပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတာ ခုဆို ၅ လဝန်းကျင် ကြာမြင့်လာချိန် စစ်တပ်ဘက်ကလည်း ဗန်းမော်မြို့မကျရေး လေကြောင်းအကူနဲ့ အပြင်းထန် ခုခံနေတယ်လို့ KIA တပ်ဖွဲ့ဝင်တွေ ဆိုပါတယ်။

ကချင်ပြည်နယ်ရဲ့ သင်္ဘောဆိပ်ကမ်းရှိရာ ဗန်းမော်မြို့ဟာ အစိုးရအဆက်ဆက် ခရိုင်ရုံးစိုက်တဲ့မြို့နယ်ဖြစ်ပြီး မြို့ဧရိယာထက် ကျေးလက်ဧရိယာများကာ ဧရာဝတီမြစ်ကမ်းနံဘေးမှာတည်ရှိတဲ့ မြို့နယ်ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့ရဲ့ တောင်ဘက် မိုင် ၁၁၄ မိုင်အကွာ၊ တရုတ်နယ်စပ်နဲ့ မိုင် ၄၀ အကွာမှာတည်ရှိပြီး နယ်မြေအထားအရ၊ စစ်ရေး၊ စီးပွားရေး အချက်ချာကျတဲ့မြို့ဖြစ်ပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့ အရှေ့မြောက်ဘက် မိုင် ၄၀ အကွာမှာ KIO ဌာနချုပ် လိုင်ဇာမြို့တည်ရှိပြီး သင်္ဘောဆိုက်ရာမြို့နယ်ဖြစ်တာကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးကနေ ကချင်ဘက်ကို ရေလမ်းကြောင်းကနေ စစ်လက်နက်ရိက္ခာ အဓိက ပို့ဆောင်လို့ရတဲ့ တစ်ခုတည်းသော ရေလမ်းကြောင်းရှိရာ မြို့ဖြစ်ပါတယ်။

ဗန်းမော်ခရိုင်မှာ မံစီမြို့နယ်၊မိုးမောက်မြို့နယ်၊ ရွှေကူမြို့နယ်၊ ဗန်းမော်မြို့နယ်ဆိုပြီး မြို့နယ် ၄ မြို့နယ်ရှိပြီး ရွှေကူမြို့နယ်နဲ့ ဗန်းမော်မြို့နယ်ကလွဲလို့ ကျန်မြို့နယ်ကို KIA ပူးပေါင်းတပ်ထိန်းချုပ်ထားပါတယ်။

ဒ့ါအပြင် ဗန်းမော်မြို့ကို အဓိက ဝင်ထွက်နိုင်တဲ့ လမ်းမကြီးတွေဖြစ်တဲ့ မန္တလေး – ဗန်းမော်လမ်း၊ ဗန်းမော် – မြစ်ကြီးနားလမ်း၊ဗန်းမော် – လွယ်ဂျယ်လမ်း စတာအပြင် နောင်ခိုဘက်ကနေ မြစ်ကြီးနားဘက်ကို ထွက်နိုင်တဲ့ လမ်းအားလုံးကိုလည်း KIA က ထိန်းချုပ်ထားပါတယ်။

လက်ရှိမှာတော့ ၅ လဝန်းကျင်ကြာမြင့်လာတဲ့ ဗန်း‌မော်မြို့သိမ်းတိုက်ပွဲဟာ မြို့ပတ်လည် တပ်စခန်းအားလုံး KIA ပူးပေါင်းတပ်သိမ်းပိုက်ထားပြီး မြို့တွင်းတပ်စခန်းဖြစ်တဲ့ စက၂၁ တပ်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

‌ဒါကြောင့် စကခ (၂၁) တွင်းပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့ စစ်တပ်က Y8 လေယာဥ်နဲ့ နေ့တိုင်း ရိက္ခာချပေးနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ဆိုပါတယ်။

ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး ကုန်းကြောင်း၊ ရေကြောင်း အရေးပါလှတဲ့မြို့ဖြစ်တာကြောင့် လက်နက်ကိုင်တပ်နှစ်ဖက်စလုံး ဗန်းမော်မြို့ ထိန်းချုပ်နိုင်ရေး အပြင်းထန် ကြိုးစားနေကြတာဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...