လုံရှာယာန်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့ ခရီးသည်များ ဒဏ်ငွေပေးဆောင်နေရ

လုံရှာယာန်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့ ခရီးသည်များ ဒဏ်ငွေပေးဆောင်နေရ
လုံရှာယာန်ရွာ (ပုံဟောင်း)
လုံရှာယာန်ရွာ (ပုံဟောင်း)

ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာအဝင်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့ ခရီးသည်တွေ ဒဏ်ငွေပေးဆောင်ပြီး သွားလာနေရတယ်လို့ ခရီးသည်တွေဆီကနေ သိရပါတယ်။

မြစ်ကြီးနား - ပူတာအို ကားလမ်းပိုင်း ဆွမ်ပရာဘွမ်မြို့နဲ့ ပူတာအိုမြို့ကြားမှာရှိတဲ့ လုံရှာယန်ကျေးရွာ အဝင်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့ခရီးသည်တွေအနေနဲ့ တစ်ဦးကို ကျပ်ငွေ တစ်သိန်းဝန်းကျင်အထိ ဒဏ်ငွေပေးဆောင်ရတာတွေရှိနေတယ်လို့  ခရီးသည်အမျိုးသမီးတစ်ဦး KNG ကို ပြောပါတယ်။

"မှတ်ပုံမပါရင် အရမ်းစစ်တယ် စစ်တာမှ တစ်နာရီ နှစ်နာရီလောက်ကြာတယ်။ ပြီးရင် ဒဏ်ငွေဆောင်ရတာ နှစ်သိန်း သုံးသိန်းတောင်းတယ်။ ဒါပေမယ့် အနည်းဆုံး တစ်သိန်းဝန်းကျင်ပေးရတာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ လုံရှာယာန်ကျေးရွာအဝင်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလနောက်ပိုင်း တကျော့ပြန် တပ်ထိုင်လာတာဖြစ်ပြီး ဒီဇင်ဘာလမှာတော့ လူငယ်တွေကို ခရီးသွားလာခွင့် တားမြစ်တာ၊ မှတ်ပုံတင်မပါတဲ့ ခရီးသည်တွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးတာ စတင်လုပ်‌ဆောင်လာတာပါ။

အဲဒီနောက် ၂၀၂၅ ခုနှစ် မေလဝန်းကျင်ကစလို့ မှတ်ပုံတင်မပါရင် ဒဏ်ငွေဆောင်ခိုင်းတာ စတင်လုပ်ဆောင်လာပြီး ဒဏ်ငွေမဆောင်နိုင်သူတွေကို လှည့်ပြန်ခိုင်းတာတွေရှိတယ်လို့ နောက်ထပ်ခရီးသည် အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

"အရင်ကတော့ စစ်တာဆေးတာမရှိဘူး အခုနောက်ပိုင်း ပိုဆိုးလာတာ မှတ်ပုံတင်မရှိရင်နေခဲ့ လှည့်ပြန်ခိုင်းတယ်။ တကယ်‌တော့ ပိုက်ဆံလိုချင်လို့” လို့ ပြောပါတယ်။

ခုလို မှတ်ပုံတင်မပါတဲ့ ခရီးသည်တွေကို ငွေကောက်ခံနေတဲ့အပြင် ကုန်ကားတွေကိုလည်း အခွန် အဆမတန်ကောက်ခံတာရှိတယ်လို့ သိရပါတယ်။

"ကုန်ကားတွေ ဆီကားတွေဆို သိန်းကြီးငွေပေးရတယ်လေ အဲ့ကြောင့် ကားသမားတွေနဲ့ လုပ်ငန်းရှင်တွေက တိုင်စာပို့ပြီး တိုင်လိုက်တာ။ အခုတော့ အခွန်နည်းလာပြီ” လို့ ဒေသခံလုပ်ငန်းရှင်တစ်ဦး ပြောပါတယ်။

လုံရှာယန်ကျေးရွာအဝင်ဂိတ်ဟာ မနက် ၆ နာရီကနေ ည ၆ နာရီကြားသာ သွားလာခွင့်ပြုထားတာကြောင့် ဒေသခံတွေ လွတ်လွတ်လပ်လပ် သွားလာလို့မရတာ၊ ခရီးသည်ကားများ လမ်းခုလတ်မှာ ညအိပ်ရတာတွေရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ လုံရှာယာန်ဂိတ်မှာ တပ်ထိုင်ထားတဲ့ စစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့်ပူရှိပြီး ပူတာအိုမြို့ ခ.လ.ရ ၄၆ တပ်အတွက် မူလာရှီးဒီတပ်ပြီးရင် ဒုတိယအရေးပါတဲ့နေရာဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဝမ်ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ လက်ရှိ KIA နဲ့ ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်မြို့နဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပူတာအိုမြို့ကြားက လုံရှာယာန်၊ တန်ဂျာ၊ ဆွမ်ပီယန်ကျေးရွာတွေ အင်အားအလုံးအရင်းနဲ့ တပ်ထိုင်နေတယ်လို့ သိရပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...