ရခိုင်ပြည်ရှိ စစ်ကောင်စီ ထိန်းချုပ်မှုအောက်တွင်ရှိနေသော စစ်တွေမြို့တွင် စက်သုံးဆီဈေးနှုန်းများသည် အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများထက် ဈေးနှုန်းမြင့်တက်နေသည်ဟု သိရသည်။
လက်ရှိ စစ်တွေမြို့တွင် ယမန်နေ့ မေလ ၅ ရက်၌ 92 တစ်လီတာလျှင် ၁၃,၀၀၀ ကျပ်၊ ဧပြီလတွင် ၁၄,၀၀၀ ကျပ်၊ မတ်လတွင် ၁၉,၀၀၀ ကျပ်နှင့် ဖေဖော်ဝါရီလတွင် ၂၂,၀၀၀ ကျပ်အထိရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။
လက်ရှိ ရခိုင်တွင် AA ထိန်းချုပ်ထားသည့် လွတ်မြောက်နယ်မြေများရှိ မြို့နယ်များ၌ ယမန်နေ့ မေလ ၅ ရက်၌ 92 တစ်လီတာလျှင် ၈,၅၀၀/၉,၀၀၀ ကျပ်၊ မတ်နှင့် ဧပြီတို့တွင် ကျပ် ၈,၀၀၀/၈,၅၀၀ နှင့် ဖေဖော်ဝါရီလတွင် ကျပ် ၉,၀၀၀/၉,၅၀၀ ကြားရှိကြောင်း သိရသည်။
စစ်တွေမြို့တွင် စက်သုံးဆီရောင်းချသူများက ဆီများကို မရောင်းချဘဲ သိုလှောင်ထားလျှင် ဈေးမြင့်တက်လာပြီး ဆီများ မသိုလှောင်ဘဲ ရောင်းချပါက ဈေးကျဆင်းလေ့ရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။
"ဆီရောင်းတဲ့လူတွေဆိုတာက လမ်းဘေးမှာ ထိုင်ရောင်းနေတဲ့ လက်လုပ်လက်စား လူတွေလည်းမဟုတ်ဘူး။ ဆီဆိုင်ကြီးတွေလည်း ပိတ်ထားတာကြာပြီ။ စီးပွားရေးသမားတွေနဲ့ စစ်ကောင်စီတွေက ပေါင်းပြီးလုပ်စားနေကြတယ်" ဟု ပြောသည်။
ဦးထိန်လင်းဦးဆောင်သည့် ရခိုင်ပြည် စစ်ကောင်စီအဖွဲ့သည် စစ်တွေမြို့ပေါ်ရှိ ပြည်သူလူထုအတွက်ဟုဆိုကာ ရန်ကုန်မှ စက်သုံးဆီများကို သင်္ဘောများဖြင့်သယ်ယူလျက်ရှိသော်လည်း ယင်းဆီအများစုကို သူတို့ကိုယ်ကျိုးနှင့် စစ်တပ်အတွက်သာ သုံးစွဲနေကြသည်ဟု သိရသည်။
စက်သုံးဆီလုပ်ငန်းရှင်များကို အနည်းငယ် ရောင်းချခွင့်ပေးထားသော်လည်း လုပ်ငန်းရှင်များက စျေးကစားနေမှုကြောင့် ပြည်သူလူထုမှာ စက်သုံးဆီများကို စျေးကြီးပေးဝယ်သုံးနေကြရသည်။
ထို့အပြင် စစ်တွေမြို့အတွင်း 92 ဆီအသန့်မရရှိဘဲ တခြား ဒီဇယ်ဆီ ရောနှောပါဝင်မှုရှိနေသည်မှာလည်း တစ်နှစ်ကျော်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
"ဆီရောင်းတဲ့သူတွေရဲ့ လောဘတွေကြောင့် 92 ဆီဆိုရင် အစစ်တောင်မရဘူး။ ဒီဇယ်အရောပါတယ်။ Auto ဆိုင်ကယ်ဘီးစီးရင်တော့ ခဏခဏ ပြုပြင်ရတယ်" ဟု ပြောသည်။
အချို့ဆိုလျှင် စက်သုံးဆီစရိတ် မတတ်နိုင်တော့၍ စက်တပ်ယာဥ်များအစား စက်ဘီးများကိုသာ အစားထိုးသုံးစွဲလာကြသည်ဟုလည်း မြို့ခံများက ပြောသည်။
စစ်တွေတွင် ယမန်နေ့ မေလ ၅ ရက်၌ ဒီဇယ် ပရီမီယမ်တစ်လီတာလျှင် ၆,၀၀၀ ကျပ်၊ ဧပြီနှင့် မတ်တွင် ၆,၅၀၀ ကျပ်နှင့် ဖေဖော်ဝါရီလတွင် ၇,၀၀၀ ကျပ်အသီးသီးရှိကြောင်း သိရသည်။
အလားတူ ရခိုင်လွတ်မြောက်နယ်မြေများတွင် ဒီဇယ် ပရီမီယမ်တစ်လီတာလျှင် ယနေ့ပေါက်စျေး ကျပ် ၇,၀၀၀ ခန့်ရှိနေကြောင်း သိရသည်။
ရခိုင်တွင် မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့ထား၍ AA ထိန်းချုပ်ထားသည့် မြို့နယ်တို့တွင် စက်သုံးဆီဈေးများ တဟုန်ထိုးမြင့်တက်ခဲ့ပြီး 92 တစ်လီတာလျှင် ကျပ်နှစ်သောင်းကျော်ခန့်အထိ ဈေးတက်ခဲ့သည်။
လွတ်မြောက်နယ်မြေမှ ဒေသခံတစ်ဦးက "တိုက်ပွဲဖြစ်ပွားတဲ့အချိန်တုန်းကထက်ဆိုရင် ဆီဈေးကတော့ လျော့ကျလာတယ်။ ဒီနှစ်မှာ သင်္ကြန်မတိုင်မီအထိ ၇,၅၀၀ လောက်ရှိခဲ့တယ်။ သင်္ကြန်ပြီးတော့ ပြန်တက်လာတယ်။ ဈေးငြိမ်နေတာတော့ မရှိဘူး။ မိုးရာသီမှာ ဒီထက်တက်လာမှာတော့ စိုးရိမ်နေကြတယ်" ဟု ပြောသည်။
ရခိုင် လွတ်မြောက်နယ်မြေများတွင် စစ်ကောင်စီပိတ်ဆို့ထားသည့်ကြားမှ ရရာလမ်းကြောင်းဖြင့် စက်သုံးဆီများ တင်သွင်းရောင်းချနေကြ၍ စက်သုံးဆီစျေးများ ယခင်ကထက် လျော့ကျလာနေခြင်းဖြစ်သည်။







