သျှမ်း – ကရင်နီနယ်စပ်၊ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်နေသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် တိုက်ပွဲများ ပြန်လည်ပြင်းထန်နေကြောင်း သတင်းရရှိသည်။
ယနေ့ (ဧပြီလ ၂၈ ရက်) နံနက် (၅) နာရီခန့်မှ စတင်၍ စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရန်အတွက် ခြေမြန်တပ်ရင်း ခမရ – (၄၂၂) တပ်စခန်းမှ တစ်လအတွင်း ဒုတိယအကြိမ် စစ်အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးခဲ့ပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း သျှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ်(၁) မှ သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ကောင်စီတပ်မှ ထိခိုက်ဆုံးရှုံးမှု များနေခြင်းကြောင့် ဖယ်ခုံမြို့နှင့် လွိုင်ကော်မြို့မှ လက်နက်ကြီး ပစ်ကူပေးခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သျှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာ အမှတ် (၁) သတင်းပြန်ကြားရေး တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“လက်ရှိ အခြေအနေမှာက နှစ်ဦးနှစ်ဘက် တိုက်ပွဲပြင်းထန်နေပါတယ်။ ပြီးတော့ စစ်ကောင်စီဘက်ကလည်း လေယာဉ်တွေနဲ့ ဗုံးကြဲနေပါတယ်။ ထိခိုက်မှု ရှိ၊ မရှိ ဆိုတာကိုတော့ အခုချိန်ထိတော့ သတင်း အချက်အလက်တွေ မစုစည်းနိုင်သေးပါဘူး” ဟု သျှမ်းတောင်စစ်ဒေသခွဲ၊ PDFဗျူဟာ အမှတ် (၁) သတင်းပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောသည်။
ယမန်နေ့ (ဧပြီလ ၂၇ ရက်) ကလည်း မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) တပ်မှ စစ်အင်အား (၁၀၀) ကျော်ဖြင့် တော်လှန်ရေးတပ်များကို စစ်ကြောင်းထိုး တိုက်ခိုက်နေပြီး၊ လက်နက်ကြီးများဖြင့် ရမ်းတမ်းပစ်ခက်နေကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် မြို့နှင့် ပတ်ဝန်းကျင်တွင် ဖြတ်သန်းသွားလာခြင်းမပြုရန် ပြည်သူများကို သတိပေးထားသည်။
ယခုတိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်နှင့် သျှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ်(၁) လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF အပြင် အခြားမဟာမိတ် တပ်ပေါင်းစုတို့ ပါဝင်တိုက်ခိုက်နေပြီး ပြင်းထန်သည့် တိုက်ပွဲတစ်ခု ထပ်မံဖြစ်ပွားနေကြောင်း သိရသည်။
သျှမ်း – ကရင်နီ နယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီ နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့အကြား ပြီးခဲ့သည့် နှစ်ဆန်းပိုင်းမှ စ၍ လက်ရှိအချိန်ထိ လေးလကျော်ကြာ နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်ထိခိုက် ကျဆုံးမှု များနေပြီး နေအိမ်မီးလောင်မှုများလည်း ရှိကြောင်း သိရသည်။







